News

POST TAGGED AS

တရုတ်

နှစ်ပေါင်း ၈၆၀ ကျော် သက်တမ်းရှိ တနင်္သာရီ ရိုးရာနဂါးလှေတော်ပွဲ ရေရှည်ထိန်းသိမ်းရန် အစိုးရအကူအညီလိုဟုဆို

တနင်္သာရီ၊ အောက်တိုဘာ ၉

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ နှစ်ပေါင်း ၈၆၀ ကျော်သက်တမ်းရှိ ရိုးရာနဂါးလှေတော်ပွဲကို ရေရှည်ထိန်းသိမ်းနိုင်ရန် အစိုးရက ကူညီပံ့ပိုးရန် လိုအပ်ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။

လက်ရှိတွင် ရိုးရာယဉ်ကျေးမှုနဂါး လှေတော်ပွဲ ဖြစ်ပေါ်စေရန် စိတ်ဓာတ် အင်အား၊ လူအင်အားနှင့် ရိုးရာနဂါးလှေများ ရှိနေoသော်လည်း တနင်္သာရီတိုင်းဒေသကြီး အစိုးရမှ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ရရှိမည်ဆိုပါက ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း အထက်ပါကော်မတီမှ သိရသည်။

“ယဉ်ကျေးမှုတစ်ခုကို အစဉ်အလာ မပျက် ရေရှည်ထိန်းသိမ်းဖို့ဆိုရင် စိတ်ဓာတ်အား တစ်ခုတည်း ရှိနေရုံနဲ့ မရပါဘူး”ဟု ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန် နဂါးလှေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရှင်များအဖွဲ့နှင့် ပွဲတော် ကျင်းပရေး ကော်မတီများ ဖွဲ့စည်းကာ လိုအပ်သည့် ရန်ပုံငွေများ ရရှိရန် မျှော်လင့်ကြောင်း ဦးသန်းစိုးဝင်းက ပြောပြသည်။

ထို့အပြင် နဂါးလှေတော်များကို ထွင်းထုရာတွင် လိုအပ်သည့် သစ်လုံးပတ် အရွယ်အစားများလည်း ရှားပါးလာနေပြီဖြစ်ကြောင်း လယ်သစ်ကျေးရွာ နဂါးလှေတော်သားတို့ထံမှ သိရသည်။

တိုင်းအစိုးရထံမှ ကူညီပံ့ပိုးမှုများ ရရှိရေးအတွက် တနင်္သာရီမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တချို့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် ရှေးဟောင်း ယဉ်ကျေးမှု နဂါးလှေတော်ပွဲ ဖြစ်ပေါ်ရေးအတွက် ရန်ပုံငွေ ရှာဖွေပြီး ပြုလုပ်နေရကြောင်း ဦးသန်းစိုးဝင်းက ပြောပြသည်။

ရိုးရာနဂါးလှေတော်ပွဲကို အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ရာ တနင်္သာရီမြို့ ချောင်းကြီးကျောင်းမှ ရွှေနန်းသာရီနှင့် ငွေနန်းသာရီ နဂါးလှေတော် ၂ စီးနှင့် လယ်သစ်ကျေးရွာ ကျောင်းကြီးကျောင်းတိုက်မှ မြကြီးအောင်၊ ရန်ကြီးအောင်နှင့် အရှေ့ကျောင်းတိုက်မှ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ် နဂါးလှေတော် ၄ စီး စုစုပေါင်း ၆ စီးတို့ဖြင့် ပါဝင်လှော်ခတ်ခဲ့ကြကြောင်း ယင်းပွဲမှ သိရသည်။

နဂါးလှေတော်ပွဲကို တနင်္သာရီ မြစ်အတွင်း မြို့သို့ လက်ယာရစ်ပတ်ပြီး လှော်ခေတ်ကြကာ ရှေးဟောင်းဘုရားများ ဖြစ်ကြသည့် မြဆင်ဝတ်၊ နဝထပ်၊ လေသာ၊ ခြေတော်ရာ၊ ရန်အောင်မြင်နှင့် နန်းဦးစေတီတော်များကို ဦးတိုက်လှော်ခတ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့၏ ရှေးဟောင်း ရိုးရာဓလေ့တစ်ခုဖြစ်သည့် နဂါးလှေတော်ပွဲကို နှစ်စဉ်ချောင်းကြီး ကျောင်းတိုက် ဘုံကထိန် ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တိုင်းတွင် ပြုလုပ်လေ့ရှိသည်။

ရှေးဟောင်းနဂါးလှေတော်ပွဲကို သက္ကရာဇ် ၅၁၅ ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် ယခုနှစ်တွင် ၈၆၄ နှစ်မြောက်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီထံမှ သိရသည်။

Dawei Watch



FOLLOW US