News

POST TAGGED AS

တရုတ်နိုင်ငံသား

သီပေါတွင် လမ်းဧရိယာနှင့်မလွတ်သည့် ကျွန်းပင် ၁၇၀၀ ကျော်ခုတ်မည်
လားရှိုး၊ မတ် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း၊ သီပေါ်မြို့နယ်အတွင်းရှိ လမ်းပိုင်းကိုချဲ့ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် ကျွန်းပင်ပေါင်း ၁၇၉၇ ပင်ကို ခုတ်လှဲလျက်ရှိကြောင်း သီပေါမြို့ နယ် သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မတ်လ ၃ ရက်နေ့ကစ၍ ပြည်ထောင်စုလမ်းပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ မိုင်တိုင် အမှတ် ၁၁၉/၂ နှင့် ၁၄၉/၄ အကြားရှိသည့် လမ်းဧရိယာနှင့် မလွတ်သည့် ကျွန်းပင်ပေါင်း ၁၇၉၇ ပင်ကို ခုတ်လှဲခြင်းဖြစ်ရာ ခုတ်လှဲရမည့်သစ်ပင်များကို သစ်တောဦးစီးဌာနက သတ်မှတ်ပေးပြီး မြန်မာ့သစ်လုပ်ငန်းက ခုတ်လှဲကြောင်း သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဇော်မိုးမြင့်က ပြောကြားသည်။

“လတ်တလောတော့ စံလောင်းနဲ့ စဥ့်အင်ကြားခုတ်နေတာ ဒီဘက်ကပြီးရင်တော့ နမ့်အွမ်ရွာဘက်ကိုလုပ်ဆောင်မှာပါ။ ပြည်ထောင်စုလမ်းပိုင်းကိုတော့ ပိတ်ဆို့တာမရှိပါဘူး။ အရှိန်လျှော့မောင်းဖို့ပဲ မေတ္တာရပ်ခံထားတာပါ”ဟု ၎င်းက ဆိုသည်။ 

သီပေါမြို့နယ်၊ စံလောင်းကျေးရွာအနီးရှိ ကျွန်းပင်များကို ပထမဆုံးခုတ်လှဲရခြင်းမှာ အဆိုပါနေရာတွင် သစ်သူခိုးများက ခိုးယူခုတ်လှဲခြင်းမျိုး ရှိတတ်သဖြင့် အရင်ဆုံး ခုတ်လှဲခြင်းဖြစ်ကြောင်း၊ ခုတ်လှဲပြီးသော ကျွန်းပင်များကို တောထဲ၌ ထားရစ်ခဲ့ပါက မသမာသူများက ခိုးယူမည်ဖြစ်သည့်အတွက် ချက်ချင်းတိုင်းထွာ တံဆိပ်ရိုက်နှိပ်၍ သီပေါမြို့နယ် နောင်အမ်းဆိပ်သို့ ပို့ဆောင်သိမ်းဆည်းရကြောင်း တောအုပ်ကြီး ဦးဇော်မိုးမြင့်က ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအတွက် ကုန်သွယ်ရာတွင် အရေးပါသောလမ်းဖြစ်သည့်အတွက် လမ်းတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို Oriential High Way Co.,Ltd. က BOT စနစ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလမ်းပိုင်း ဂုတ်တွင်းလမ်းချဲ့ရာတွင် သစ်ပင်ပေါင်း ၁၆၀ ကျော်ကို လမ်းနယ်မြေနှင့် မလွတ်ကင်းမှုကြောင့် ခုတ်လှဲခဲ့ရကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

R-07



FOLLOW US