News

POST TAGGED AS

တံတား

03-Jun-2017

တံတား
လေရှီးမြို့နှင့် ထမံသီကျေးရွာအကြားရှိ တံတားများ ရေထဲမျောပါခြင်းကြောင့် ယာဉ်သွားလာမှု ရပ်ဆိုင်း
ကလေး၊ ဇွန် ၃

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ထမံသီကျေးရွာအကြား ဆက်သွယ်သွားလာရန်အတွက် ဖောက်လုပ်ထားသည့် တစ်ခုတည်းသော ကားလမ်းပေါ်တွင် ရှိသည့် တံတား ၃ စင်း ရေထဲမျောပါပြီး လမ်းများ ပျက်စီးခဲ့သဖြင့် ကားများ ဆိုင်ကယ်များ သွားလာမှု ရပ်ဆိုင်းသွားခဲ့ကြောင်း လေရှီးမြို့ မကူရီနာဂယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကြောင်ထောင်းက ပြောသည်။

လေရှီးမြို့နေ နာဂတိုင်းရင်းသားတို့သည် အခြားမြို့များနှင့် ကျန်းမာရေး လူမှုရေး ပညာရေး စသည့် ကိစ္စရပ်များ အပါအဝင် ဆန်နှင့် စက်သုံးဆီများ သယ်ယူရန်အတွက် လေရှီး-ထမံသီကို ဆက်သွယ်ဖောက်လုပ်ထားသော ၄၁ မိုင် ရှည်လျားသည့် ကားလမ်းတစ်ခုကိုသာ အသုံးပြုရကြောင်း၊ ယင်းကားလမ်းပေါ်တွင် ရှိသော ချောင်းကြီးများကို ဖြတ်ကျော်ဖောက်လုပ်ထားသည့် တံတားများသည် မေလ ၂၉ ရက်နေ့က ရွာသွန်းခဲ့သည့်မိုးကြောင့် မျောပါပျက်စီးသွားပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

တံတားများ မျောပါသည့်အတွက် ကားသွားလာမှု ရပ်ဆိုင်းသွားပြီး ဆိုင်ကယ်ဖြင့် သွားလာရန် အတွက်မှု ဖောင်များဖြင့် ဖြတ်ကူးသွားလာရန် စီစဉ်နေသော်လည်း ဇွန်လ ၃ ရက်နေ့အထိ သွားလာနိုင်ခြင်း မရှိသေးကြောင်း၊ လမ်းပိတ်နေသည်မှာ ၃ ရက်ကျော် ကြာလာပြီဖြစ်ပြီး ယခုအတိုင်း ဆက်သွားပါက လေရှီးမြို့နေ ပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်နိုင်ရဖွယ် ရှိနေကြောင်း ဦးကြောင်ထောင်းက ပြောကြားသည်။

“ချောင်းအကြီးကြီးတွေကို ဖြတ်ဖောက်ထားတဲ့ တံတား အကုန်ပါသွားလို့ အခုဒုက္ခရောက်နေတယ်။ ဆိုင်ကယ်ကိုတော့ ဖောင်တွေနဲ့ ကူးပြီးတော့ သွားလာနိုင်အောင် လုပ်နေကြတယ်။ ကားတွေကတော့ သွားလို့ မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လေရှီးမြို့ကို ဆက်သွယ်သွားလာသည့် လမ်းများအားလုံး ပျက်စီးခဲ့သည့် အတွက် ဆန်တစ်အိတ်လျှင် ငွေကျပ် လေးသောင်းငါးထောင်နှုန်းအထိ ဈေးတက်လာကြောင်း ဆိုင်ကယ်ကယ်ရီခ အနေဖြင့် ယခင်က လေရှီး-ထမံသီ ငွေကျပ် ၃ သောင်းမှ ယခုအခါ အဆင့်ဆင့် သွားလာရမည်ဖြစ်သည့် အတွက် ငွေကျပ် ၆ သောင်းကျော်အထိ မြင့်တက်လာကြောင်း လေရှီးမြို့နေ ဝန်ထမ်းအချို့သည် အခြားမြို့များသို့ သွားလာရန် ရှိနေရာ လမ်းများ ပျက်သွားသဖြင့် လေရှီးမြို့တွင် ပိတ်မိနေကြောင်း ယင်းအတွက်ကြောင့် လေရှီး-ထမံသီ ကားလမ်းကို အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း လေရှီးမြို့နယ် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးကြူးစီးထောင်က ပြောသည်။

(ပုံစာ - လေရှီး-ထမံသီ ကားလမ်းပျက်စီးနေမှုကို တွေ့မြင်ရစဉ်)

ဓာတ်ပုံ - moe pan
R - 20




FOLLOW US