News

POST TAGGED AS

တံတား

20-Apr-2017

တံတား
ချောင်းဆုံတံတားကို မေလဆန်းတွင် ဖွင့်ရန် စီစဉ်
မော်လမြိုင်၊ မတ် ၁၉ 

အစိုးရနှင့် ဒေသခံများအကြား တံတားအမည်ပေးမှုနှင့် ပတ်သက်၍ အငြင်းပွားနေသော မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) မြို့ကို ဆက်သွယ်တည်ဆောက်ထားသည့် တံတားကို  မေလဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

အဆိုပါ တံတား၏ တံတားခံနိုင်ဝန်အားကို ဧပြီ ၂၅ မှ ၂၇ ရက်အထိ စစ်ဆေးမည်ဖြစ်ပြီး စမ်းသပ်စစ်ဆေးပြီးပါက ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ယခင်က ဧပြီလ ၉ ရက်နေ့တွင် တံတားဖွင့်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း တံတားခံနိုင်ဝန်အား မစမ်းသပ်ရသေးသည့်အတွက် ယခုအချိန်အထိ မဖွင့်နိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။ 

သံလွင်တံတား (ချောင်းဆုံ) အမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးရန် ပြည်သူ့လွှတ်တော်က မတ်လ ၁၄ ရက်တွင် အတည်ပြုခဲ့သဖြင့် မွန်ဒေသခံများက ထောင်နှင့်ချီ ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်စာများ ပေးပို့ခြင်း လုပ်ဆောင်ခဲ့ပြီးနောက် ဆန္ဒသဘောထား လက်မှတ်ကောက်ခံခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း သံလွင်တံတားချောင်းဆုံဆိုင်ရာ လူထုလှုပ်ရှားမှု ကော်မတီထံမှ သိရသည်။ 

ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်အစား သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့်သာ သတ်မှတ်နိုင်ရေးအတွက် ဆန္ဒလက်မှတ်များကို ဧပြီလ ၁၃ ရက်မှ ၂၅ ရက်အထိ နောက်ဆုံထား ကောက်ခံမည်ဖြစ်ကြောင်း၊ လက်မှတ်များကို မွန်ပြည်နယ် ၁၀ မြို့နယ်သာမက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းရှိ မွန်လူထုထံတွင်လည်း ကောက်ခံမည်ဖြစ်ပြီး ရရှိသော လက်မှတ်များကို  နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးကို  ပေးပို့မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အဓိကတော့ လူနည်းစုတွေရဲ့ အခွင့်အရေးဆန္ဒကို အလေးထားပေးဖို့ ရည်ရွယ်ပြီး လုပ်တာပါ၊ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဥပဒေလမ်းကြောင်းအတိုင်း ပေးပို့သွားမယ်” ဟု သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှု ကော်မတီအဖွဲ့မှ ဦးဆောင်သူ မင်းအောင်မွန်က ပြောဆိုသည်။  
ထိုတံတားအမည်နှင့် ပတ်သက်၍လည်း မွန်ပြည်နယ် ဝန်ကြီးချုပ်က “စကားလုံးတွေနဲ့ အငြင်းမပွားလိုတော့ဘူး” ဟု ပြောဆိုခဲ့သည်။ 

“ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတာ။ ကျွန်တော်တို့ ငြင်းခုံနေစရာ အကြောင်းကိစ္စ လုံးဝမရှိဘူး၊ အကုန်လုံးက ပြည်ထောင်စုက ရန်ပုံငွေနဲ့ လုပ်ပေးထားတာ၊ ဗိုလ်ချုပ်အောင်ဆန်း နာမည်တပ်တာနဲ့ ပတ်သက်ပြီး ရှင်းရှင်းပြောရင် ဂုဏ်ယူရမှာပဲ၊ ဘာဖြစ်လို့ ဒါကို ပြဿနာတွေ လုပ်နေကြလဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း၊ သူ့ရဲ့ဘဝမှာ ဘာတွေလုပ်ခဲ့လဲ ဆိုတာကို နှစ်ပေါင်း ၅၀ လောက် ကလေးရော လူငယ်ရော မသိကြဘူး၊ အဲဒါကို ရောယောင်ပြီး သွေးထိုးလုပ်နေတာကိုတော့ ကျွန်တော်တို့ သဘောမကျဘူး” ဟု မတ်လ ၁၅ ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့သည်။

အဆိုပါ တံတားကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၅၂၀၄ ပေ ရှည်လျားပြီး မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်ထားသော တံတားတစ်ခု ဖြစ်သည်။       



FOLLOW US