News

POST TAGGED AS

တံတား

01-Apr-2017

တံတား NLD
တံတားဂယက်၊ မဲရလဒ်နှင့် ဘီလူးကျွန်း၏ အဖြေ
တရုတ်နှင့် ရှမ်းကုန်းမြေမြင့်တို့ကို ဖြတ်သန်းစီးဆင်းလာသည့် သံလွင်မြစ်သည် မြန်မာနိုင်ငံအောက်ပိုင်း မော်လမြိုင်မြို့အနီးတွင် ရေစီးကြောင်းကို နှစ်ပိုင်းခွဲ၍  ပင်လယ်အတွင်းသို့ စီးဝင်ကာ ယင်းမြစ်နှစ်မြွှာ ဖြာထွက်ရာ၏ အကြားတွင် ဘီလူးကျွန်းကို ဖန်တီးလေသည်။

ကျွန်းသည် စင်ကာပူနိုင်ငံတမျှ ကျယ်ဝန်း၏။ ကျေးရွာအုပ်စု ၄၆ အုပ်စု (ကျေးရွာပေါင်း ၇၈ ရွာ) ရှိပြီး လူဦးရေ နှစ်သိန်းဝန်းကျင် နေထိုင်သည်။

ယနေ့ (စာစောင်ထွက်ချိန်) တွင် မွန်ပြည်နယ်၊ ဘီလူးကျွန်းတွင်လည်း ရွေးကောက်ပွဲ ကျင်းပနေပါလိမ့်မည်။

မော်လမြိုင်နှင့် ဘီလူးကျွန်းကို ပေါင်းကူးပေးသည့် တံတားအမည်ပေးရေး ကိစ္စကြောင့် အစိုးရအပေါ် မကျေလည်မှုများ ရှိနေသည့် မဲဆန္ဒနယ် ဖြစ်သည်။

မော်လမြိုင်မြို့မှ သမ္ဗန်ဖြင့် ဆယ်မိနစ်ခန့် ကူးလိုက်လျှင် တစ်ဖက်ကမ်း ဘီလူးကျွန်းသို့ ရောက်ပါလိမ့်မည်။ 

ကမ်းသို့ မရောက်ခင်ကပင် နံနက်မိုးသောက်တွင် နိုင်ငံရေးပါတီတို့၏ မဲဆွယ်ဆိုင်းဘုတ်များကို ကမ်းနဖူးတွင် လှမ်းမြင်နေရသည်။

ချောင်းဆုံမြို့သို့ သွားရာလမ်းတစ်လျှောက်တွင် စိမ်းညို့နေသည့် ရော်ဘာတော၊ ရိတ်သိမ်းပြီး ဖြစ်သည့် လယ်ကွင်းများနှင့် ထန်းပင်များကသာ နေရာယူထားသည်။

သူ့အနေနှင့် မည်သည့်ပါတီကို ရွေးချယ်ရမည်ကို မသိသေးကြောင်း  ဆိုင်ကယ်အငှားလိုက်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားက ဆိုသည်။
“အဓိကကတော့ ကိုယ်ထမင်းဝအောင် စားနေရဖို့က အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အာဏာရပါတီ ဖြစ်လာခဲ့သလို ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်သည်လည်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဖြစ်လာခဲ့ရာ ယင်းနေရာအတွက် ကိုယ်စားလှယ်တစ်ဦးကို ပြန်လည်ရွေးကောက်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ငါးခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

ကြားဖြတ်ရွေးကောက်ပွဲ အခြားမဲဆန္ဒနယ်မြေများနည်းတူ ဘီလူးကျွန်းသည်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း တံတားကိစ္စ အငြင်းပွားမှု၊ ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းများ ဒုတိယအကြိမ် ထပ်မံပြုလုပ်ပေးခြင်းနှင့် ပါတီများ၏ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး လှုပ်ရှားမှုများက ဒေသခံများကို ရွေးကောက်ပွဲဆီသို့ ဆွဲငင်နေသည်။

“အခုနောက်ပိုင်းတော့ ပထမအကြိမ်ထက် စိတ်ဝင်စားမှု များလာတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသူ မအေးသန္တာအောင်က ဆိုသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ ရရှိသည့် စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ  တစ်သိန်းနှစ်သောင်းကျော် ရှိသည်။ 

မဲပေးမည့်သူ အများစုသည် လယ်ယာလုပ်ငန်းနှင့် ရော်ဘာစိုက်ပျိုးရေး လုပ်ကိုင်သူများဖြစ်ပြီး မွန်၊ ဗမာနှင့် ကရင်လူမျိုးတို့ ပါဝင်သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်သိန်းသည် ၎င်း၏ဇာတိရွာ ဖြစ်သည့် ကွမ်ရိုက်ကျေးရွာတွင် နောက်ပါများနှင့်အတူ ရွေးကောက်ပွဲမတိုင်မီ လေးရက်အလိုတွင် မဲဆွယ်နေသည်။ 

ရွာသည် မွန်စကားပြောကျေးရွာ ဖြစ်သည့်အတွက် မွန်ဘာသာစကားဖြင့်ပင် ကိုယ်စားလှယ်ကို မဲထည့်ရန် အောင်နိုင်ရေး အဖွဲ့ဝင်များက စည်းရုံးဟောပြောကြသည်။ အလုပ်အကိုင်များ ဖန်တီးပေးမည် ဖြစ်ကြောင်း၊ လယ်သမားများ တိုးတက်ရေးကို ရှေးရှုမည် ဖြစ်ကြောင်း စသဖြင့်။ 

ဒေသခံများစွာသည် မလေးရှား၊ စင်ကာပူနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက် ရှိသည်။ လယ်သမားများ အနေနှင့် တင်းတောင်း မမှန်သည့် ပြဿနာ ရှိနေပြီး ကုန်သည်များက တင်းတောင်းများကို ပုံမှန်ထက် အရွယ်အစား ကြီးမားစွာ အသုံးပြုနေကြသည်ဟု ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ဆိုသည်။

ယင်းအပြင် ကျွန်းတွင် မည်သည့်စက်ရုံမျှ မရှိသေးသည်ကိုလည်း ၎င်းက ထောက်ပြသည်။
“တကယ်လို့များ ကျွန်တော်တို့ဆီမှာ စက်ရုံလုပ်နိုင်မယ့် လူရှိလို့ရှိရင် ဒီမှာဖိတ်ခေါ်ပြီးတော့ လုပ်လိုက်လို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်း ရမှာပေါ့”

လက်ရှိတွင် USDP မွန်ပြည်နယ်၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးအောင်ကြည်သိန်းသည် ယခင်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတွင် ညွှန်ကြားရေးမှူး ရာထူးမှ၂၀၁၅ ခုနှစ်က အငြိမ်းစားယူခဲ့သူ ဖြစ်သည်။  

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ချောင်းဆုံမဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ မဲအများဆုံးရရှိသူ အဖြစ်သာ ကျေနပ်ခဲ့ရသည်။ ထိုစဉ်က ယင်းမဲဆန္ဒနယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦး (လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ) က အနိုင်ရရှိခဲ့ပြီး NLD က တတိယ မဲအများဆုံး ဖြစ်သည်။ 

ဝန်ကြီးဌာန အတွေ့အကြုံနှင့် ဝန်ထမ်းဘဝ ပရဟိတလုပ်ငန်းများက  အနိုင်ရရှိရန် မျှော်လင့်ချက်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ညွှန်ကြားရေးမှူး ရာထူးသည်လည်း အနိုင်ရရှိရေး  အားတစ်ခု ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်ပဲ ညွှန်ကြားရေးမှူး ဖြစ်ခဲ့တယ်။ ဒီငါးယောက်ထဲမှာ ကျွန်တော်က အမြင့်ဆုံးပေါ့နော်”

ကိုယ်စားလှယ်လောင်းငါးဦးနက် NLD မှအပ ကျန်လေးဦးသည် အစိုးရ ဝန်ထမ်းဟောင်းများ ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ကိုယ်စားလှယ်လောင်းသည် မူလတန်းကျောင်းအုပ် (အငြိမ်းစား) နှင့် မွန်အမျိုးသားပါတီ (MNP) မှ ကိုယ်စားလှယ်သည်  အလယ်တန်းကျောင်းအုပ် (အငြိမ်းစား) ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) မှ ကိုယ်စားလှယ်သည် ဆည်မြောင်းဦးစီးမှူး (အငြိမ်းစား) ဖြစ်သည်။ 

ဘီလူးကျွန်း၏ ရွေးကောက်ပွဲ သမိုင်းစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် အားကောင်းခဲ့သည်တော့ မဟုတ်ပေ။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတွင် USDP အနေနှင့် ကိုယ်စားလှယ် တစ်နေရာမျှ မရရှိခဲ့ပေ။

တပ်မတော်အစိုးရက ကြီးမှူးကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် USDP အနေနှင့် တစ်နိုင်ငံလုံးတွင် အနိုင်ယူနိုင်ခဲ့သော်လည်း ဤဘီလူးကျွန်းတွင်မူ ပြည်နယ်လွှတ်တော် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။ ထိုစဉ်ကလည်း AMDP ပါတီက သုံးခုကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

ယခုကြားဖြတ်တွင် AMDP မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဦးဝင်းထွဋ် (ခ) ဦးမြဝင်း ဖြစ်သည်။ 
“ကျွန်တော့်မှာက အရင်တုန်းက ဆည်မြောင်းဦးစီးမှူး ဆိုတော့ ရွာတိုင်းမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေ ရှိတယ်၊ နောက် အကျိုးပြုပေးခဲ့တဲ့ လယ်သမားတွေ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

သူက ပါတီကို ထောက်ခံသည့် ကျောင်းသားလူငယ်များ၏ ဘင်ခရာတီးဝိုင်းကို ခေါ်ဆောင်ကာ ပါတီ၏ အမာခံနယ်မြေများတွင် မဲဆွယ်စည်းရုံးသည်။ သူသည်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အတွက် တောင်ပိုင်းမဲဆန္ဒနယ် (မဲဆန္ဒနယ် အမှတ် ၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ 

ကျွန်းသည် တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ရှိပြီး မြောက်ပိုင်းသည် မွန်အများစု နေထိုင်သည်။ ယင်းအပိုင်းသည် ပြည်နယ်လွှတ်တော်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် သူ့ပါတီမှ အနိုင်ရရှိထားသည့် နယ်မြေဖြစ်ရာ ယခုအချိန်တွင်လည်း အနိုင်ရရှိမည်ဟု ခန့်မှန်းသည်။

တောင်ပိုင်းသည် ဗမာတိုင်းရင်းသား အများစုဖြစ်ပြီး မွန်တိုင်းရင်းသား နည်းကာ ၂၀၁၅ ခုနှစ်တုန်းက NLD ကို ထောက်ခံသူ၏ ဆယ်ပုံတစ်ပုံပင် မရှိပေ။ ယခုရွေးကောက်ပွဲသည် ပြည်သူ့လွှတ်တော်အတွက် ဖြစ်ပြီး ကျွန်းတစ်ကျွန်းလုံးကို ကိုယ်စားပြုရာ တောင်ပိုင်းရှိ မဲဆန္ဒနယ်၏ ထောက်ခံမှုလည်း လိုမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ပေါင်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဲရလဒ်ကို ကြည့်လျှင် NLD  ကို မဲပေးသူ ၄၄ ရာခိုင် နှုန်း၊ USDP က ၃၁ နှင့် ဦးဝင်းထွဋ်၏ AMDP ပါတီက ၁၉ ရာခိုင်နှုန်းသာ  ရှိသည်။ 

သို့သော် ဦးဝင်းထွဋ် အနေနှင့် တစ်ကျွန်းလုံးတွင် သူ့မိတ်ဆွေများ ရှိနေသည့်အပြင် ကမ္ဘာ့ဘဏ်က ထောက်ပံ့သည့် ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခု ဖြစ်သည့် လူထုဗဟိုပြု စီမံကိန်းတွင်လည်း ၁၅ ဦး ပါဝင်သည့် အင်ဂျင်နီယာအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားရာ ကျေးရွာတိုင်းသို့ ဝင်ထွက်သွားလာနေရသူဖြစ်ပြီး လမ်းများ၊ တံတားများ၊ မြောင်းများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို သူက ဦးဆောင်နေခြင်း ဖြစ်သည်။ 

ဘီလူးကျွန်းရှိ ကျေးရွာများသည် မြန်မာနိုင်ငံ အတွင်းရှိ အခြားကျေးရွာများနှင့် ယှဉ်ပါက ဖွံ့ဖြိုးပါသည်။ ရွာချင်း ဆက်လမ်းများသည် ကတ္တရာလမ်းများ ဖြစ်ပြီး ရွာတိုင်းနီးပါးတွင် လျှပ်စစ်မီး ရရှိသလို တယ်လီဖုန်း ဆက်သွယ်ရေးလည်း ကောင်းမွန်သည်။ 

မကြာခင်တွင် ကုန်းလမ်းထွက်ပေါက် ဖြစ်သည့် တံတား (နာမည်ပေးရေး အငြင်းပွားသည့် တံတား) ကိုလည်း ဖွင့်လှစ်တော့မည် ဖြစ်သည်။ 

ယင်းအချက်များသည် AMDP ပါတီ၏ စွမ်းဆောင်ထားမှုများ ဖြစ်သည်ဟု ဦးဝင်းထွဋ်က ဆိုသည်။
“စည်းရုံးရေး နေရာတိုင်းမှာ ပြောခဲ့တယ်။ တံတားဖြစ်လာဖို့၊ မီးရဖို့ မွန်ဒေသ (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ) ကပဲ တောင်းတယ်။ ဘယ်ပါတီ၊ ဘယ်အမတ်မှာမှ မတောင်းဘူး”
 
၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်သုံးဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။ 

တံတားကိစ္စ ပြဿနာကြောင့် NLD အပေါ် မကျေနပ်မှုများကလည်း ကျွန်းတွင် ရှိနေသလို ပေါ်ပေါ်ထင်ထင် ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

မြို့နယ်၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကလည်း တံတားအမည်ပေးရေး ကိစ္စအပေါ် မကျေနပ်ပေ။ 
“ပြည်သူတွေ မကျေနပ်တာကတော့ အမှန်ပဲ”
 
သို့သော် ယင်းစကားသည် ကော်မရှင်နှင့် မဆိုင်ဘဲ သာမန်ပြည်သူတစ်ဦး၏ သဘောထားဟု ဆိုသည်။

လက်ရှိအာဏာရပါတီ NLD ကလည်း ချောင်းဆုံမဲဆန္ဒနယ်မြေကို အပိုင်သိမ်းရန် အလေးထားနေပါသည်။ 

ပါတီအနေနှင့် မတ်လ ၂၉ ရက်နေ့တွင် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ရာနှင့်ချီ အသုံးပြုကာ ကျွန်းတစ်ခုလုံးကို တစ်ပတ်ပတ်ကာ စည်းရုံးရေးဆင်းသည်။ 

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးအောင်ကြည်ညွန့်က ကျွန်းပေါ်တွင် အထိုင်ချကာ NLD ကိုယ်စားလှယ် အနိုင်ရရှိရေးအတွက် စည်းရုံးဟောပြောပေးနေသည်။ မွန်ပြည်နယ် အတွင်းရှိ အခြားကိုယ်စားလှယ်များအပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးတို့လည်း ရောက်ရှိနေသည်။

သထုံမြို့မှ လူငယ်ဂီတအဖွဲ့လည်း ဝန်းရံခဲ့သလို ပန်းရဲ့လမ်း ဂီတအဖွဲ့ကလည်း ကျွန်းတွင် ငါးရက်ကြာ နေထိုင်ကာ NLD အတွက် မဲဆွယ်ပေးခဲ့ကြသည်။

တံတားကိစ္စထက် အရေးကြီးသည့် အရာများအတွက် NLD ကို ပြည်သူများ ရွေးချယ်သင့်ကြောင်း ဦးအောင်ကြည်ညွန့်က ဆိုသည်။

“လက်ရှိအခြေအနေမှာ အဓိကအကျဆုံးက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးကို တကယ်တိုးတက်သွားနိုင်ဖို့ဆိုရင် တိုးတက်အောင်သွားနိုင်လောက်မယ့် ခေါင်းဆောင်ကောင်း ဘယ်ပါတီမှာ ရှိသလဲ” ဟု ၎င်းက ဆိုသည်။

ဦးအောင်ကြည်ညွန့်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယင်းနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူလည်း ဖြစ်သည်။

ထိုကာလများကတည်းက ဘီလူးကျွန်းသည် NLD အပေါ် ထောက်ခံခဲ့ခြင်း ဖြစ်သည်။

ယခု ကြားဖြတ်အတွက် NLD ၏ ကိုယ်စားလှယ်လောင်းမှာ ဦးအေးဝင်းဖြစ်ပြီး ကျောင်းသားဟောင်းတစ်ဦး ဖြစ်ကာ ၈၈ ခုနှစ် အရေးအခင်းကာလ အဖမ်းအဆီးများကြောင့် ဘီလူးကျွန်းတွင် ခိုလှုံခဲ့ပြီး အိမ်ထောင်ကျ၍ အခြေချ နေထိုင်ခဲ့သူ ဖြစ်သည်။ 

သူ့အနေနှင့် အနိုင်ရရှိမည်ဟု ယုံကြည်ထားကြောင်း ဦးအေးဝင်းက ဆိုသည်။ NLD အနေနှင့် ခက်ခဲကြမ်းတမ်းသည့် ကာလများတွင်ပင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ဖြစ်ရာ လက်ရှိအချိန်တွင် အာဏာရ အစိုးရပါတီ ဖြစ်နေသည်ကလည်း အကြောင်းတစ်ချက် ဖြစ်သည်ဟု ဆိုသည်။

ချောင်းဆုံမြို့နယ်၏ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သည့် ဒေါ်မြမြနွယ်က ရွေးကောက်ပွဲတွင် မဲရုံများ ထားရှိမည့် ကျေးရွာများ၏ စာရင်းကို ဖြန့်ခင်းလိုက်သည်။ မြောက်ပိုင်းတွင် ၂၉ ရုံနှင့် တောင်ပိုင်းတွင် ၃၃ ရုံ ဖြစ်သည်။

ချောင်းဆုံမြို့ပေါ် သုံးရပ်ကွက် အပါအဝင် ကျေးရွာပေါင်း ၄၆ ရွာတွင် မဲရုံထားရှိမည့် စုစုပေါင်း ၆၂ ရုံအနက် NLD ပါတီ ရှုံးနိုင်ခြေရှိသည့် စာရင်းကို လက်ထောက်၍ သူမက ခန့်မှန်းသည်။ 
“ညောင်လန်း မွန်ပဲ၊ ဒါ မနိုင်တဲ့ရွာ။ ကွမ်ရိုက် မနိုင်ဘူး။ တော်ကနာ မနိုင်ဘူး။ ကမာမို မနိုင်ဘူး။ တောင်စွန်းနိုင်မယ်။ ကလွီနိုင်မယ်”

ညောင်လန်း၊ ကွမ်ရိုက်၊ တော်ကနာ စသည်တို့သည် ကျေးရွာနာမည်များ ဖြစ်သည်။

မွန်တိုင်းရင်းသား အများစုရှိသည့် မြောက်ပိုင်းတွင် NLD နိုင်ရန် ခက်ခဲမည်ဟု ၎င်းက ဆိုသည်။

သို့သော် ယင်းနယ်မြေတွင် မွန်ပါတီ နှစ်ခုအပြင် USDP လည်း ရှိနေရာ မဲကွဲနေမည့် အနေအထားတွင် ရှိနေသည်။ 

NLD အနိုင်ရရန်ရှိသည့် မွန်ကျေးရွာများလည်း ပါဝင်နေသေးသည်။ မြောက်ပိုင်းနယ်မြေ အတွင်းရှိ အိမ်ခြေတစ်ရာ ဝန်းကျင်ရှိ ကဒါကျေးရွာကို သူက သက်သေပြသည်။ 

လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် မီးဖိုချောင်နှင့် အိမ်အကူ လုပ်ကိုင်နေသည့် အမျိုးသမီးငယ်တစ်ဦးသည် အဆိုပါ ကဒါကျေးရွာသူဖြစ်ရာ ယင်းရွာ၏ မဲကို NLD က ရရှိမည်ဖြစ်ကြောင်း ဒေါ်မြမြနွယ်က ဆိုသည်။ အဆိုပါကျေးရွာ၏ အဓိကလိုအပ်ချက် ဖြစ်သည့် သောက်သုံးရေ ရရှိရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကူညီဖြည့်စွမ်းပေးထားသေးသည်။ 

ကျွန်း၏ တောင်ဘက်ခြမ်းသည်ကား NLD အမာခံနယ်မြေဖြစ်ရာ စိုးရိမ်စရာမရှိဟု ဆိုသည်။
“ဒီဘက်မှာ မွန်မတိုးနိုင်ဘူး။ ကြံ့ခိုင်ရေးလည်း မတိုးနိုင်ဘူး”

တစညပါတီကမူ ပါတီထောင်ထား၍သာ ဝင်ရောက်ယှဉ်ပြိုင်သည့် အနေအထားတွင်ရှိပြီး သက်ကြီးပါတီဟုသာ သဘောထားသည်ဟု ၎င်းက ဆိုသည်။

တောင်ဘက်ခြမ်းနယ်မြေတွင် မဲပေးနိုင်သူ စုစုပေါင်း၏ ထက်ဝက်ရှိနေသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနေနှင့် တိုင်းရင်းသားများ တန်းတူညီမျှ ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စသည့် ရပ်တည်ချက်များဖြင့် မဲဆွယ်သည်ကို တွေ့ရသည်။

မွန်အမျိုးသားပါတီ (MNP) ကမူ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုများ ဟန်ချက်ညီရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် မွန်ပြည်နယ် ပေါ်ထွန်းရေး စသည်တို့ကို ကြွေးကြော်သည်။ 

ရွေးကောက်ပွဲအတွက် ပါတီများ အပြိုင်အဆိုင် ရှိနေသော်လည်း အနှောင့်အယှက်ပြုခြင်း၊ မလျော်မကန် မဲဆွယ်စည်းရုံးခြင်း၊ မတရားပြုကျင့်ခြင်း စသည့် ပြဿနာ တစ်စုံတစ်ရာ လာရောက်တိုင်ကြားထားခြင်းမျိုး မရှိဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ချောင်းဆုံမဲဆန္ဒနယ်တွင် ပြင်ပရောက် မဲဆန္ဒရှင်များက စိတ်ဝင်စားမှု ရှိနေပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၄ ဦးတွင် ၁၁၁ ဦးက မဲပေးထားပြီ ဖြစ်သည်။

ရော်ဘာကွင်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၄၀ အရွယ် မွန်တိုင်းရင်းသူတစ်ဦးက ကျေးရွာတွင်  အလုပ်လုပ်ကိုင်ရသည်မှာ ဝင်ငွေသိပ်မကောင်းဟု ငြီးတွားသည်။ သူတို့၏  တစ်နေ့တာ လုပ်အားခသည် ကျပ်နှစ်ထောင့်ငါးရာမှ ကျပ်ခြောက်ထောင်အတွင်း ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် မည်သူ့ကို မဲပေးမည်နည်းဟု မေးသည့်အခါ သူမက ယခုလို ဆိုသည်။
“ဘယ်ပါတီပိုကောင်းလဲ မသိပါဘူး”

အောင်မျိုးထက်



FOLLOW US