News

POST TAGGED AS

တံတား

09-Feb-2017

တံတား
သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးမှု မွန်လူငယ်များ ကန့်ကွက်မည်
မော်လမြိုင်၊ ဖေဖော်ဝါရီ ၈

မွန်ပြည်နယ် ချောင်းဆုံမြို့နှင့် မော်လမြိုင်မြို့ကို ဆက်သွယ်ထားသော သံလွင်တံတား (ချောင်းဆုံ) ကို  ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးမှုကို မွန်လူငယ်များက ကန့်ကွက်သွားမည် ဖြစ်ကြောင်း မွန်လူငယ်ဖိုရမ် (MYF) ထံမှ သိရသည်။

အဆိုပါ တံတားကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁)၊ (၄) တို့က တည်ဆောက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ဖြင့်  တံတားဆိုင်းဘုတ်တင်ပွဲ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။ 

“ဒါက လုံးဝမဖြစ်သင့်ဘူး၊ ဒီတံတားက မွန်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ တံတား၊ ပြည်နယ်တစ်ခုနဲ့ တစ်ခု ဆက်သွယ်ထားတာလည်း မဟုတ်ဘူး။ မွန်ပြည်နယ်ထဲက မြို့နယ်ချင်းဆက်တဲ့ တံတားဖြစ်နေတယ်၊ ဒေသခံရဲ့ နာမည်ကို မသုံးပဲနဲ့ ဘာမှမသက်ဆိုင်တဲ့ အမည်တစ်ခုကို ပေးတာတော့ ဒါမွန်လူငယ်တွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ၊ မွန်လူငယ်အဖွဲ့က ဒါကို လုံးဝကို ကန့်ကွက်တယ်” ဟု မွန်လူငယ်ဖိုရမ် အကြံပေး ဉာဏ်စိုက်ရာမာန်က ပြောသည်။

အဆိုပါ တံတားကို  သံလွင်တံတား (ချောင်းဆုံး) အမည်သာ အကောင်းဆုံးဖြစ်ပြီး ဒေသကို အခြေခံထားခြင်း ဖြစ်ကြောင်း၊ ယင်းတံတားအမည်နှင့် ပတ်သက်၍ မွန်လူငယ်အဖွဲ့ အနေနဲ့ ပြည်နယ်အစိုးထံ ကန့်ကွက်စာ ပေးပို့မည် ဖြစ်ကြောင်း၊ အစိုးရအဖွဲ့က လက်မခံပါက ဆိုင်းဘုတ်တင်ပွဲတွင် ဆန္ဒပြသည်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။၊ 

“ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမဝိသေသနအပေါ်မှာ တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ကျေးဇူးရှိပါတယ်၊ ဒါပေမယ့် နေရာတိုင်းမှာ မြို့တိုင်းရွာတိုင်းမှာ ဗိုလ်ချုပ်လမ်းတို့ ပန်းခြံတို့ ရှိပြီးသားပါ၊ မွန်ပြည်နယ်ထဲမှာရှိတဲ့ တံတားကြီးကို ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးမယ့်အစား မွန်ရွာနာမည်တွေ မွန်ဒေသနာမည်တွေ နောက်ဆုံး သံလွင်တံတား (ချောင်းဆုံ) လို့ ပေးတာတောင်မှ သဘောထားကွဲစရာ ဘာမှမရှိဘူး၊ ဒါဟာ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ မရှုပ်ရှုပ်အောင် လုပ်နေသလားလို့ ထင်ရတယ်” ဟု မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ယက်မှ ညှိနှိုင်းရေးမှူး ကိုအောင်ထူးက ပြောကြားသည်။

ယင်းတံတားအမည်ပေးမှုနှင့် ပတ်သက်၍  အစိုးရအနေနှင့် မွန်ပြည်သူများထံ ပြည်သူများ ပေးချင်သော အမည်ကို ဆန္ဒပြု တောင်းခံသင့်ကြောင်း၊ နည်းပညာ တိုးတက်နေသဖြင့် အွန်လိုင်းမှ တစ်ဆင့်လည်း သဘောထား ရယူမှုများ လုပ်ဆောင်နိုင်ကြောင်း၊ ဗမာမှုပြုရေး ဆိုသည့် စဉ်းစားချက်ဖြစ်သာ လုပ်ဆောင်မည် ဆိုပါက တိုင်းရင်းသား ချစ်ကြည်ရေး ရရှိမည် မဟုတ်ကြောင်း၊ NLD အစိုးရမှ အပြောင်းအလဲ လုပ်ပေးသင့်ကြောင်း မွန်လူငယ် နိုင်စဝေါမွန်က ထောက်ပြသည်။ 

သံလွင်တံတား (ချောင်းဆုံ) ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီလ  ၈ ရက်တွင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း တံတားဆောက်လုပ်သည့် အဖွဲ့ထံမှ သိရသည်။

“ချောင်းဆုံတံတား သတင်းအတွက် အောက်ဆုံးပိုဒ်တွင် စာတစ်ပိုဒ်ဖြည့်ရန်၊ ပြည်နယ်က ပေးထားတဲ့ နာမည် မဟုတ်ဘူး၊ ပြည်ထောင်စုက ချပေးထားတာ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက ဘာမှမဆွေးနွေးထားရသေးဘူး၊ မနက်ဖြန် (ဖေဖော်ဝါရီလ ၉) ရက် ပြည်နယ်အစိုးရရဲ့ အပတ်စဉ် ပုံမှန်အစည်းအဝေး ရှိတယ်၊ အဲ့ဒီမှာ ဆွေးနွေးဖြစ်မယ်” ဟု မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 



FOLLOW US