News

POST TAGGED AS

တံတား

လားရှိုး-မူဆယ်လမ်းရှိ တံတားနှစ်စင်း မိုင်းခွဲခံရ၊ ကုန်တင်ယာဉ်ကြီးများမသွားနိုင်
လားရှိုး၊ နိုဝင်ဘာ ၃၀ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်- လားရှိုးပြည်ထောင်စုလမ်းအပိုင်းရှိ ကွန်ကရစ်တံတား နှစ်စင်းမှာ ယနေ့(နိုဝင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက မိုင်းထောင်ဖျက်ဆီးခြင်းခံရသဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သွားသွားလာ၍ မရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းနေ့ နံနက် ၃နာရီခွဲခန့်တွင် မူဆယ်မြို့တောင်ဘက် ၂၂ မိုင်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်းကို TNLA/ KIAလက်နက်ကိုင်တပ်က မိုင်းထောင်ဖောက်ခွဲခဲ့ရာ အလျား ၂၀×၁၅ ပေရှိ တံတားပေါက်ကွဲခဲ့ပြီး လေးပေခန့် ပျက်စီးခဲ့သည့်အပြင် တံတားအနီးမြေအောက်၌ရှိသည့် ဆက်သွယ်ရေးကေဘယ်လ်ကြိုးများ ပျက်စီးခဲ့ရကြောင်း၊ လတ်တလောတွင် မော်တော်ယာဉ်ငယ်များသာ ဖြတ်သန်းနိုင်ပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းမသွားနိုင်သေးကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ထို့ပြင် ယနေ့ နံနက် ၇ နာရီခန့်တွင် မူဆယ်မြို့မြောက်ဘက် ၁၁ မိုင်အကွာ အူရာဆူမန်ပြိန်း အုပ်စု ဆွန်လုံရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသည့် ဆွန်လုံတံတားကိုလည်း မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း၊ ယင်းသို့ဖောက်ခွဲမှုကြောင့် လေးပေအကျယ်ခန့်တံတားပျက်စီးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

လတ်တလောတွင်အဆိုပါတံတားနှစ်စင်းကို ရှေ့တန်းတပ်မတော်ဌာနချုပ် ၉၉ လက်အောက်ရှိ တပ်မတော်စစ်ကြောင်းများက ခရီးသွားဒေသခံများ ဖြတ်သန်းနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ဆိုသည်။

အဆိုပါပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွန်ကရစ်တံတားနှစ်ခု အနည်းငယ်ပျက်စီးခဲ့သဖြင့် ကုန်တင်မော်တော်ယာဉ်များမှာ သွားလာနိုင်ခြင်းမရှိဘဲ စောင့်ဆိုင်းနေကြကြောင်း ဒေသခံများထံမှ သိရပါသည်။

“သတင်းကြားတာနဲ့ နမ့်ဖတ်ကာမှာရပ်ပြီးစောင့်နေတာပါ။ ဖရဲတင်လာတာဖြစ်တော့ အချိန်တော့သိပ်ကြာကြာ မစောင့်နိုဘူးလေ။ နမ့်ဖတ်ကာမှာစောင့်နေတဲ့အသီးတင်လာတဲ့ ၁၂ ဘီးကားတွေ အစီး ၅၀လောက်ရှိတယ်” ဟု ကုန်တင်ယာဉ်မောင်း စိုင်းလောင်မိန်းက ဆိုသည်။

ဓာတ်ပုံ - ရှမ်းပြည်နယ်ရဲတပ်ဖွဲ့



FOLLOW US