News

POST TAGGED AS

တံတား

24-Nov-2017

တံတား
သန်လျင်တံတား အမှတ် ၃ ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်မည်
ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်နှင့်သန်လျင်ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင် တံတား အမှတ်-၃)ကို ဂျပန်နိုင်ငံ အစိုးရ၏ ချေးငွေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သန်လျင်တံတား အမှတ်- ၃ စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဂျပန်နိုင်ငံ အစိုးရ ချေးငွေ ယန်း ၃၁,ဝ၅၁ သန်း အသုံးပြု တည်ဆောက်မည်ဖြစ်ပြီး သန်လျင် အမှတ်(၁) တံတားအနီး ပဲခူးမြစ်အောက်ဘက် ၁၂၅ မီတာခန့် အကွာတွင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီတံတား ဆောက်ပြီးရင် သန်လျင်၊ သီလဝါနဲ့ ရန်ကုန်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်လာမယ်။ ဂျပန်ရဲ့ အဆင့်မြင့် မြို့ပြအင်ဂျင်နီယာဆိုင်ရာ နည်းပညာနဲ့ အသိပညာကို အသုံးပြုတည် ဆောက်သွားမယ်”ဟု ၎င်းကဆိုသည်။

အသစ် တည်ဆောက်မည့် သန်လျင် တံတား အစိတ်အပိုင်း အားလုံး၏ စုစုပေါင်း အရှည်မှာ ၂၀၃၁ မီတာ ရှည်လျားပြီး လမ်းအကျယ်မှာ အကျယ် ၂၄ မီတာ (ပေ ၈၀) ရှိမည်ဖြစ်ကာ လေးလမ်းသွားတံတား အမျိုးအစား ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန် တောင်ပိုင်းခရိုင်တွင် သီလဝါ အထူးစီးပွားရေးဇုန် ရှိသဖြင့် လမ်းပန်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရန် လိုအပ်ပြီး ယခုအချိန်တွင် ရန်ကုန်-သန်လျင် အမှတ် (၁) တံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး ခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှုများ ရှိကြောင်း သန်လျင် မြို့နေ ခရီးသွားပြည်သူများက ပြောကြားသည်။

သန်လျင်တံတား အမှတ်-၃ ကို ဂျပန် အစိုးရ အကူအညီဖြင့် JICA (Japan International Cooperation Agency) နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်သည်။

သန်လျင်မြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့်တံတားမှာ နှစ်စင်းရှိပြီး တံတား အမှတ် (၁)မှာ ၃၆ တန်အောက် ယာဉ်များ ဖြတ်သန်း သွားလာခွင့်ပြုထားပြီး တံတား အမှတ်(၂) ဒဂုံတံတား (ကုလားဝဲတံတား)မှာ ကွန်တိန်နာယာဉ်ကြီးများ ဖြတ်သန်း သွားလာခွင့်ပြုထားသည်။

သန်လျင်တံတား အမှတ်- ၃ သည် ကုန်တင်မှုဆိုင်ရာ ပြဿာနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး  ကုန်တင်ယာဉ်များနှင့် နောက်တွဲယာဉ်များကဲ့သို့ လေးလံသော ယာဉ်များကို သက်သောင့်သက်သာဖြင့် အန္တရာယ်ကင်းစွာ သွားလာခွင့် ပေးနိုင်မည်ဖြစ်သည်။

J-10

  • VIA


FOLLOW US