News

POST TAGGED AS

တံတား

22-Oct-2017

တံတား ရန်ကုန်
တံတားစီမံကိန်းနှင့်မလွတ်၍ ဒလသမ္ဗန်ဆိပ်ကို နေရာပြောင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်မည့် ဒလတံတားစီမံကိန်း လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် ကမာ ကဆစ်သမ္ဗန်ဆိပ်ကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဒလမြို့နယ်ရှိ အဆိုပါသမ္ဗန်ဆိပ်နေရာတွင် တံတား တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများ ထားရှိမည်ဖြစ်သောကြောင့် ရှင်းလင်းရခြင်းဖြစ်ပြီး ကမာကဆစ် သမ္ဗန်ဆိပ် သမ္ဗန်သမားများ တောင်းဆိုသည့်နေရာနှင့် အများပြည်သူ အဆင်ပြေသည့်နေရာသို့ နိုဝင်ဘာလကုန်တွင် စတင် ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လက်ရှိ သမ္ဗန်ဆိပ်နဲ့ ပေ ၅၀ဝ အကွာအဝေးလောက် ရှိတဲ့နေရာကို ပြောင်းရွှေ့ပေးမယ်။ အခုလို ရွှေ့ပြောင်းပေးတာကို သမ္ဗန်မောင်းသူတွေနဲ့ ဒေသခံပြည်သူတွေ ညှိနှိုင်း ဆောင်ရွက်ပြီးမှ ရွှေ့ပြောင်းတာပါ”ဟု ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးရွှေယင်က ပြောကြားသည်။

ဒလတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် စတင် ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားကို လေးလမ်းသွား သံမဏိကြိုးဆိုင်း အမျိုးအစားနှင့် တံတားအရှည်မှာ ၆၁၄၄ ပေ ရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကမာကဆစ်သမ္ဗန်ဆိပ်တွင် လက်ရှိ ဒလနှင့်ရန်ကုန်ကို ပြေးဆွဲနေသည့် သမ္ဗန်အစီးရေ တစ်ရာကျော်ခန့် ရှိပြီး သမ္ဗန်ဆိပ် ရွှေ့ပြောင်းသည့်အခါ အများပြည်သူ သွားလာမှု အဆင်ပြေစေရန် မူရင်းအတိုင်း သမ္ဗန်ဆိပ်အသစ်ကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောကြားသည်။

ဒလတံတားစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရက အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းတို့ကို အသုံးပြု တည်ဆောက်မည်ဖြစ်သည်။

J-10



FOLLOW US