News

POST TAGGED AS

တိုင်းဒေသကြီး

02-Jun-2017

ဧရာဝတီ
ဧရာဝတီတိုင်းလွှတ်တော်ကော်မတီ မြို့နယ်ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ထားမှုများကို စစ်ဆေးမည်
ပုသိမ်၊ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ထားသော ငွေကြေးနှင့် စက်ပစ္စည်းများနှင့် ပတ်သက်၍ စာရင်းရှင်းလင်းမှု၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုနှင့် ရှေ့ လုပ်ငန်းစဉ်များကို တိုင်းလွှတ်တော် ကော်မတီက ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့မှုမှာ ယခင်အစိုးရလက်ထက်က ပေးအပ်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှုကို လွှတ်တော်က ကော်မတီ သီးခြားဖွဲ့စည်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကော်မတီက စိစစ်ပြီးပါက လွှတ်တော်ကို အစီရင်ခံစာ တင်ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ရှင်းပြသည်။

မေ ၃၀ ရက်က ကျင်းပသော ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လေးမျက်နှာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင် (တိုင်းဒေသကြီး လွှတ်တော်လျှပ်စစ်၊ စွမ်းအင်၊ လမ်းပန်း ဆက်သွယ်ရေး၊ စက်မှုလက်မှုနှင့် ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ)က လေးမျက်နှာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ခဲ့သောပစ္စည်းများ ယာဉ်များကို မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမှ စီမံဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးရေးအတွက် မည်သို့ ဆက်လက် စီမံဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ အပါအဝင် တိုင်းဒေသကြီး အစိုးရ၏ သီးခြားထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်ထားသော လယ်ယာသုံး စက်ပစ္စည်းများ၊ ငွေကြေးထောက်ပံ့မှုများကို လွှတ်တော်ကိုယ်စားလှယ် မေးမြန်းမှသာ သိရကြောင်း၊ အလားတူ လုပ်ငန်း အစီအမံများကို တိုင်းဒေသင်္ကြီးရှိ အခြားသောမြို့နယ်များတွင်လည်း ရှိနိုင်သဖြင့် သက်ဆိုင်ရာ ဌာနများက စိစစ်ဆောင်ရွက်နိုင်ရန် တိုင်းအစိုးရအဖွဲ့က လမ်းညွှန်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း တာဝန်ယူခဲ့သော အစိုးရအနေနှင့် မြို့နယ် အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ၊ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း ပြည်သူများ မသိရှိဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန် လွှဲပြောင်းမှသာ သိရှိရကြောင်း၊ အရင်အစိုးရ ကောင်းမွေ ဆိုးမွေကို နောင်အစိုးရမှ ဆက်ခံရမည် ဖြစ်သော်လည်း ငွေကြေး၊ စက်ပစ္စည်းနှင့် စာရင်းဇယားများကို လွှဲပြောင်းပေးမှု မရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ လေးမျက်နှာ မြို့နယ်တွင် ဘဏ္ဍာနှစ်များအလိုက် ရန်ပုံငွေ ခေါင်းစဉ် အသီးသီးမှ ဒေသဖွံ့ဖြိုးရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်၊ မြေသယ်ယာဉ်၊ စက်လှေ အစရှိသည့် စက်ပစ္စည်းများ ချထားပေးသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခဲ့သည်ကို မတွေ့ရကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက်ဟုဆိုသော်လည်း ကိုယ်ကျိုးရှာခဲ့သည်ကိုသာ တွေ့ရကြောင်း မေးခွန်းရှင် ဦးစိုးခိုင်က ရှင်းပြသည်။ 

အထူးသီးသန့်ရန်ပုံငွေ၊ ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေစသည့် ရန်ပုံငွေ ခေါင်းစဉ်များမှ အသုံးပြုခဲ့သော၊ အသုံးပြုနေသော လုပ်ငန်းဆောင်ရွက်မှုများကို စာရင်းစစ်ရုံးများမှ မြေပြင်အထိ ကွင်းဆင်းကာ သေချာစွာ စစ်ဆေးပေးစေလိုကြောင်း၊ ယခင် ဧရာဝတီတိုင်းအစိုးရက ဒေသဖွံ့ဖြိုးရေးဟု ခေါင်းစဉ်တပ်ကာ လေလံဆွဲရာတွင် တစ်ရာခိုင်နှုန်း ကောက်ယူထားသည့် စိတ်ဝင်စားကြေး ၅ ဒသမ၂ ဘီလီယံကို လွှဲပြောင်းပေးခြင်း မရှိကြောင်း၊ ယင်းကိစ္စကို တိုင်းအစိုးရအဖွဲ့၏ အရေးယူ ဆောင်ရွက်မှုမှာ ယခုတိုင် အဖြေ မထွက်သေးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

R-11

  • VIA


FOLLOW US