News

POST TAGGED AS

တိုင်းဒေသကြီး

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ယာဉ်မတော်တဆမှုဖြစ်

ပုသိမ်၊ ဇန်န၀ါရီ ၆

ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီသည် ညောင်တုန်းမြို့နယ် ဆားမလောက် ရဲစခန်းအပိုင် မဲဇလီ ကျေးရွအနီးတွင် ယနေ့ (ဇန်နဝါရီလ ၆ ရက်) ညနေ ၅ နာရီကျော်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ သိရသည်။

ဝန်ကြီးချုပ် မန်းဂျော်နီသည် နေပြည်တော်သို့ အစည်းအဝေး တက်ရန် သွားရောက်ခြင်းဖြစ်ပြီး ရန်ကုန်ဘက်မှ မောင်းနှင်လာသော ရန်ကုန်-ဇလွန် ပြေးဆွဲသည့် ခရီးသည်တင် ရွှေတော်ဝင် ကားနှင့် တိုက်မိခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ရှေ့ဆုံးမှ ပွိုင့်ကားကို တစ်ဘက်ယာဉ်ကျောမှ လာသော ရွှေတော်ဝင် ကားက ရှောင်တိမ်းလိုက်ရာမှ နောက်မှ ပါလာသော ဝန်ကြီးချုပ် စီးလာသော ကားနှင့်တိုက်မိခြင်းဖြစ်ကာ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း ဝန်ကြီးချုပ် ခေတ္တ သတိလစ်သွားပြီး ရန်ကုန် ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း၊ လက်လှုပ်မရဖြစ်နေသေးကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ယာဉ်မတော် တဆဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော ဦးမန်းဂျော်နီမှာ သတိပြန်လည် ရရှိလာသဖြင့် စိုးရိမ်စရာ အခြေအနေ မရှိသော်လည်း ဒဏ်ရာရရှိမှုကို လတ်တလော မပြောကြားနိုင်သေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ယနေ့(ဇန်နဝါရီ ၆ ရက်) ည ၇ နာရီခွဲတွင် The Voice သတင်းစာသို့ အတည်ပြု ပြောကြားပါသည်။

ဝန်းကြီးချုပ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို CT Scan ရိုက်ကာ စစ်ဆေးနေသည်ဟု ဒေါက်တာ အေးကိုကိုက ထမ်မံ ပြောကြားသည်။ 

အသက် ၇၀ အရွယ် ၀န်ကြီးချုပ် မန်းဂျော်နီမှာ ၂၀၁၆ ခုနှစ်နှောင်းပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည် ဘောလုံးပွဲတွင် ချော်လဲရာမှ လက်ပြင်ရိုး အက်ခဲ့သည်။




FOLLOW US