News

POST TAGGED AS

တိုင်းဒေသကြီး

ဧရာဝတီမှ သက်ရှိ သယံဇာတ

မထိန်းသိမ်းတော့လျှင် မျိုးတုံးရန် အဆင်သင့် ဖြစ်နေသည့် သယံဇာတ သတ္တဝါ တစ်မျိုး ရှိနေသည်။ ယင်းက ဧရာဝတီလင်းပိုင်။ ဧရာဝတီမြစ်ဟု ဆိုလိုက်လျှင် မြန်မာပြည်၏ အသက်သွေးကြော၊ အကြီးဆုံးမြစ် စသည်ဖြင့် တင်စား ပြောဆိုကြပြီး မြစ်ကိုအမှီပြုကာ စီးပွားရှာနေကြသူ များစွာ ရှိသည်။ ယင်းအထဲမှ လင်းပိုင်ကို အမှီပြုကာ စီးပွားရှာသည့် နည်းလမ်းက တစ်ဘာသာ ကွဲထွက်သည်။

ဧရာဝတီ လင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သားများ အကျိုးတူ ပူးပေါင်း ငါးဖမ်းဆီးသည့် ရိုးရာဓလေ့ (Cooperative Fishing Practice) မှာ လွန်ခဲ့သည့်  နှစ်ပေါင်း တစ်ရာကျော်ကတည်းကပင် တည်ရှိခဲ့ကြောင်း စာပေသမိုင်းများတွင် ဖော်ပြထားသည်။ လင်းပိုင်သည် ငါး များများ ရှိသည့်နေရာကို သိသည့်အတွက် ရေလုပ်သားများ၏ အကောင်းဆုံး မိတ်ဆွေ ဖြစ်သည်။ လင်းပိုင်နှင့် ရေလုပ်သား ပေါင်း၍ ငါးဖမ်းသည့် ဓလေ့က ဧရာဝတီ မြစ်တွင်းမှာသာ တွေ့နိုင်သည်။ ယင်းမြင်ကွင်းကို လာကြည့်ကြသည့် နိုင်ငံခြားသားများကို အမှီပြု၍ ခရီးသွားလုပ်ငန်း အခြေခိုင်သည်။

“ကျွန်တော့်ရဲ့ မိသားစုသဖွယ်ပေါ့နော်။ ကျွန်တော်တို့ကို ကျွေးမွေးနေတဲ့ ဧရာဝတီ လင်းပိုင်တွေပေါ့။ မိဘသဖွယ်လိုလည်း ဖြစ်တယ်။ မိတ်ဆွေလည်း ဖြစ်တယ်”ဟု မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာနေ ရေလုပ်သားကြီး ဦးမောင်လေးက ရင်ဖွင့်သည်။
သူက ရေလုပ်သား လုပ်သက် ၃၃ နှစ် ရှိပြီဖြစ်ပြီး လင်းပိုင်နှင့် အကျိုးတူ ပူးပေါင်း ငါးဖမ်းခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းတွင် အတွေ့အကြုံ အများဆုံး ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။

လင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းကို ၁၉၈၄ ခုနှစ်မှ စတင်၍ မိဘများလက်မှ လွှဲပြောင်း ရယူခဲ့ပြီး ထိုစဉ်က ၇၂ ကောင်  ရှိခဲ့သည်ဟု ဦးမောင်လေးက ဆိုသည်။
 
၂၀ဝ၃ ခုနှစ်ဝန်းကျင်မှ စတင်ကာ မြစ်အတွင်း ဘတ္ထရီ ရှော့တိုက် ငါးဖမ်းသည့်သူများ ရှိလာခဲ့ပြီး နောက်ပိုင်းတွင် ငါးသယံဇာတနှင့်အတူ လင်းပိုင်များ သေဆုံးမှု ရှိလာခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ကျွန်တော့် လက်ထက်မှာ လျှပ်စစ် ရှော့ကြောင့် ၂၀ဝ၅ ဧပြီလ ၈ ရက်ကတည်းက သေဆုံးမှု စဖြစ်ခဲ့တာ၊ အခုဆိုရင် ခုနစ်ကောင်ထိ ရှိသွားပြီ။ မိဘလက်ထက်ကတော့ ပိုက်တိုးလို့ သေတာ ရှိဖူးတယ်”ဟု ဦးမောင်လေးက ရှင်းပြသည်။

“အခု နောက်ဆုံးသေတဲ့ သားကြီး မလည်း ရှော့ကြောင့်လို့ပဲ ယူဆပါတယ်။ သားပျက် သားလျောကြောင့် မဖြစ်နိုင်ဘူး။ အဲဒီလို လက္ခဏာတွေ မတွေ့ရဘူး။ နောက်ပြီး သားပျက်လို့ သေတဲ့လင်းပိုင်လည်း မရှိခဲ့ဖူးဘူး”

၎င်း၏ ရေလုပ်သား သက်တမ်း ၃၃ နှစ်အတွင်း မွေးဖွားမှု ရှိသော်လည်း လျှပ်စစ် ရှော့ခ်တိုက်မှုကြောင့် လင်းပိုင် အရွယ်မျိုးစုံ သေဆုံးခဲ့ရသဖြင့် ထပ်မတိုးတော့။

၂၀၁၆ ခုနှစ်အတွင်း လျှပ်စစ်ရှော့တိုက် ငါးဖမ်းဆီးမှုများကြောင့် လင်းပိုင် သုံးကောင် သေဆုံးခဲ့ရသည်။ ဩဂုတ်လ ၁၅ ရက်တွင် အရွယ်ရောက်ပြီး တစ်ကောင်၊ စက်တင်ဘာလ ၆ ရက်တွင် ကလေးအရွယ် တစ်ကောင်၊ နိုဝင်ဘာလ ၁၃ ရက်တွင်  ကိုယ်ဝန်ဆောင် တစ်ကောင် သေဆုံးခဲ့ပြီး ယင်းကိုယ်ဝန်ဆောင် (သားကြီးမ) သေဆုံးမှုက လင်းပိုင်နှင့် အကျိုးတူ ငါးဖမ်းနေကြသည့် ရေလုပ်သား လောကအတွက် ဝမ်းနည်းဖွယ် ဖြစ်သည်။

“ဘက်ထရီ ရှော့ခ်ကြောင့် သေဆုံးတယ်လို့ပဲ ယူဆပါတယ်။ ဗိုက်ကို ခွဲကြည့်တော့ အစာရေစာ ပြည့်စုံတယ်။ အစာ မရှိဘူးဆိုရင်တော့ အခြားသော အကြောင်းတွေပေါ့၊ ဥပမာ - ကျန်းမာရေး ချို့တဲ့မှုလို့ ယူဆလို့ ရတယ်”ဟု သားကြီးမ သေဆုံးရခြင်းကို ဦးမောင်လေးက ရှင်းပြသည်။

လင်းပိုင်များသည် ငါးဖမ်းဆီးရာတွင် ပိုမို ဖမ်းဆီးနိုင်စေရန် လမ်းပြကူညီ ပေးကြပြီး လူနှင့် လင်းပိုင် အချိတ်အဆက်ဖြင့် ပြောပြမှုများကို တစ်ဦးနှင့်တစ်ဦး နားလည် သဘောပေါက်ကြသည်။ ယင်းအပြင် ငယ်ရွယ်သည့် လင်းပိုင်များကို  ထိန်းကျောင်းခြင်း၊ ငါးဖမ်းတတ်စေရန် လေ့ကျင့်ပေးခြင်း စသည်တို့ကို ရေလုပ်သားများက လုပ်ဆောင်ပေးကြရကြောင်း  ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ရေလုပ်သားများ အဖွဲ့ထံမှ သိရှိရသည်။

“ကြီးလာတဲ့အခါ သူတို့ မိဘတွေလိုပဲ ငါးဖမ်းတတ်အောင် သင်ပေးရတာ၊ အဲဒါက အရေးအကြီးဆုံး ကိစ္စ၊ အကျိုးတူ  ငါးဖမ်းတယ် ဆိုတာက နောက်ပိုင်းကိစ္စတွေ”ဟု အဆိုပါအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးမောင်လေးက ဆိုသည်။

မျိုးတုံး အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည့် ဧရာဝတီ လင်းပိုင်များသည် ဆယ်စုနှစ် တစ်ခုအတွင်း အကောင်ရေ ၃၀ ခန့်  သေဆုံးမှု ရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရှိရသည်။

သေဆုံးမှုများတွင် လူတို့ ပယောဂကြောင့်နှင့် သဘာဝအတိုင်း သက်တမ်းလွန် သေဆုံးခြင်း ထက်ဝက်စီ ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ငါးဖမ်းပိုက်ဖြင့် ငြိတွယ်ကာ သေဆုံးခြင်း၊ ဘက်ထရီရှော့ခ်ကြောင့် ဒဏ်ရာရ သေဆုံးခြင်းများမှာ  လူပယောဂကြောင့် ဖြစ်သည်။

“သူတို့ သေဆုံးမှုမှာ အဆိုးဆုံးကတော့ ဘက်ထရီ ရှော့ခ်ပေါ့။ ဒီလိုဖမ်းလို့ ငါးတွေလည်း ခုဘက် နှစ်ပိုင်းတွေမှာအရ နည်းပါးလာတာ ရှိတယ်။ ဒေသခံတွေ အနေနဲ့လည်း ဘက်ထရီ ရှော့ခ် အန္တရာယ်ကို သိကြပါတယ်။ ဒါပေမဲ့ လောဘတက်တဲ့လူ တချို့ကြောင့် ခုလိုဖြစ်နေတာ”ဟု အဆိုပါ အဖွဲ့ တာဝန်ခံ ဦးဟန်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး နယ်မြေ (Ayeyarwady Dolphin Protected Area) အဖြစ်  စစ်ကိုင်း တိုင်းဒေသကြီး မင်းကွန်း ပုထိုးတော်ကြီး (အနောက်ဘက်ကမ်း)၊ မန္တလေး တိုင်းဒေသကြီး နန်းတော်ကျွန်း (အရှေ့ဘက်ကမ်း) မှ စစ်ကိုင်းတိုင်းဒေသကြီး၊  ကျောက်မြောင်းမြို့ ရေတော်ဘုရား (အနောက်ဘက်ကမ်း) - ရေတော်ဘုရားနှင့် တည့်တည့် အရှေ့ဘက်ကမ်း (မန္တလေး တိုင်းဒေသကြီး) အထိ မြစ်အစိတ်အပိုင်း ဧရိယာကို ဧရာဝတီ လင်းပိုင် ထိန်းသိမ်း  ကာကွယ် စောင့်ရှောက်ရေး ဧရိယာအဖြစ် ငါးလုပ်ငန်း ဦးစီးဌာနက ၂၀ဝ၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သတ်မှတ်ခဲ့ သည်။

မန္တလေးမြို့နှင့် ဗန်းမော်မြို့အကြား နှစ်စဉ် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး ကောင်ရေအဖြစ် ၂၀ဝ၇ ခုနှစ်တွင် ၃၁ ကောင်ကို တွေ့ရှိခဲ့သည်။

၂၀ဝ၄ နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ၇၂ ကောင်အထိ တွေ့ရှိခဲ့ရကြောင်း၊ နှစ်စဉ် သားပေါက်မှုနှင့် သေဆုံးမှုတို့မှာ အချိုးညီခန့်ဖြစ်ကြောင်း၊ ထိန်းသိမ်းရေး ဧရိယာ အတွင်းမူ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကိုးကောင် သေဆုံးခဲ့ကြောင်း  ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး အဖွဲ့ မှတ်တမ်းအရ သိရသည်။ (လေ့လာမှုအရ တွေ့ရှိမှုများကို  ဇယားဖြင့် သီးခြား ဖော်ပြထားပါသည်။)

“တစ်နှစ်နဲ့ တစ်နှစ် တွေ့ရှိမှုက မတူဘူး။ သားပေါက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း တွက်ရတယ်။ တစ်ခါတလေ မတွေ့မိတဲ့ အကောင်တွေလည်း ရှိတယ်”ဟု ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဟန်ဝင်းက လင်းပိုင်  ထိန်းသိမ်းထားရပုံကို ပြောပြသည်။

ဧရာဝတီ လင်းပိုင်မျိုးစိတ်များကို မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဖီလစ်ပိုင်၊ ဘရူနိုင်း၊  မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့၏ ရေပြင်များတွင် တွေ့နိုင်ပြီး ဧရာဝတီလင်းပိုင် (Irrawaddy Dolphin) ဟုသာ ခေါ်ဝေါ်ကြသည်။
ရှားပါးမျိုးစိတ် တစ်ခုဖြစ်ပြီး ဒေသခံ ရေလုပ်သားများ သာမက နိုင်ငံခြား ဝင်ငွေကိုပါ ရှာဖွေ ပေးနိုင်သည့် လင်းပိုင်များ  ဆက်လက် တည်တံ့စေရေးက ဒေသခံတို့ဖြင့် မပြီး၊ ဌာနဆိုင်ရာတို့မှလည်း ယခင်ထက်ပိုမို၍ ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း ဦးမောင်လေးက သူ့ဆန္ဒကို ပြောပြသည်။

ငါးမျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လျှပ်စစ်ဓာတ်၊ ဘက်ထရီ ရှော့ခ်တိုက် (ကျင်စက်) တို့ဖြင့် ငါးဖမ်းဆီးခြင်းကို မန္တလေးတိုင်းဒေသကြီး ရေချိုငါး လုပ်ငန်း ဥပဒေ ပုဒ်မ- ၃၄ (ခ) အရ တားမြစ်ထားပြီး ဖောက်ဖျက် ကျူးလွန်ပါက ယင်းဥပဒေ ပုဒ်မ - ၄၄ အရ ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ကျပ် နှစ်သိန်းဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ပြီး ယင်းကဲ့သို့ ငါးဖမ်းဆီးခြင်းကို တားမြစ်ထားသည်။
 
သို့သော်လည်း လက်တွေ့တွင်မူ ရှော့တိုက် ငါးဖမ်းဆီးမှုများက ပိုမို ဆိုးရွားလာနေကြောင်း ဒေသခံ ရေလုပ်သားတို့ထံမှ သိရှိရသည်။

ဘက်ထရီ ရှော့ခ်တိုက် ငါးဖမ်းကြသူများသည့် နယ်ပေါင်းစုံမှ လာသူများ ဖြစ်ပြီး ၂၀ဝ၅ ခုနှစ်တွင် စက်လှေ ကိုးစင်းခန့်ဖြင့် ဖမ်းဆီးကြရာမှ ယခုအချိန်တွင် အစီးရေ ရာနှင့်ချီ၍ ရှိနေပြီဖြစ်သည်။

စက်လှေ တစ်စင်းရဲ့ တိုက်ကွင်းမှာ ပေငါးဆယ်ခန့်အထိ ရှိပြီး ရေမည်မျှ နက်စေကာမူ လျှပ်စစ် အရှိန်သွားသဖြင့် စက်လှေများအကြား ရောက်နေသည့် လင်းပိုင်နှင့် ငါးတို့မှာ မလွတ်နိုင်ကြောင်း၊ လင်းပိုင်တို့သည် လျှပ်စစ်ရှော့ခ် အန္တရာယ်ကို ကြိုတင် သိရှိနိုင်ကြသော်လည်း ရုတ်တရက်ချသည့် ကျင်စက် အန္တရာယ်ကို ရှောင်တိမ်းနိုင်ခြင်း မရှိကြောင်း ရေလုပ်သား ဦးမောင်လေးက ပြောပြသည်။

ရာဂဏန်းပင် မပြည့်တော့သည့် သက်ရှိ သယံဇာတတို့၏ အရေးကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းရန် အရေးတကြီး  လိုအပ်နေပြီ ဖြစ်သည်။

ရှားပါးမျိုးစိတ်ဝင် လင်းပိုင်များ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်လာနေသည့်အတွက် ဧရာဝတီမြစ်အတွင်း ဘက်ထရီ ရှော့ခ်တိုက်၍ ငါးဖမ်းဆီးနေမှုများကို အရေးယူပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လက်မှတ်များ ရေးထိုး၍ တိုင်ကြားထားကြောင်း စိမ်းရောင်စို Activities တာဝန်ခံ ဦးမောင်မောင်ဦးက ပြောကြားသည်။

“လင်းပိုင် တစ်ကောင်ကို သတ်လိုက်တာဟာ သက်ရှိ လူသား တစ်ယောက်ကို သတ်လိုက်တဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။  ထိရောက်တဲ့ အရေးယူမှုမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ”ဟု ဦးမောင်မောင်ဦးက ဆိုသည်။

လင်းပိုင်များ ထပ်မံ သေဆုံးခြင်းများ ဖြစ်ပေါ်လာမည်ဆိုပါက ဒေသခံ ရေလုပ်သားများ အလုပ်အကိုင် ပျက်ခြင်း၊  ခရီးသွား လုပ်ငန်း နှောင့်နှေး လာနိုင်ခြင်း၊ မျိုးဆက်သစ်များအတွက် ဧရာဝတီမြစ်အတွင်း ငါး သယံဇာတ ဆုံးရှုံးခြင်းတို့အပြင် ဧရာဝတီ၏ သက်ရှိ သယံဇာတဖြစ်သည့် လင်းပိုင်ကို တွေ့နိုင်ရန် အလွန် ခက်ခဲသွားမည်ဖြစ်ကြောင်း ဒေသခံ ရေလုပ်သားတို့က ဆိုကြသည်။

လင်းပိုင် ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အတွေ့အကြုံ အများဆုံး ရေလုပ်သားကြီး ဦးမောင်လေးကတော့ဖြင့် သူတို့၏ ကျေးဇူးရှင် လင်းပိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လုပ်ငန်း လုပ်ခဲ့ရတာတွေ အားလုံးက ပုံပြင် သဘောမျိုး ဖြစ်သွားတော့မှာ”

မြတ် (ကလေး)



FOLLOW US