News

POST TAGGED AS

တိုင်းဒေသကြီး

ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပမြို့နယ်များတွင် စက်မှုဇုန် တည်ထောင်မည်
ရန်ကုန်၊ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီးရှိ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန်များ တည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါစီမံကိန်းကို စည်ပင်သာယာရေး ကော်မတီက ဦးစီးဆောင်ရွက်သွားမည်ဖြစ်ကာ ယင်း ၁၁ မြို့နယ်ရှိ လယ်မြေများကို စက်မှုဇုန်မြေအဖြစ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခုနောက်ပိုင်း ရန်ကုန် တိုင်းအစိုးရအနေနဲ့ လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့်ကို ထောက်ခံမပေးတော့ပါဘူး။ ခွင့်ပြုမိန့် တင်တာကတော့ တင်လို့ရပါတယ်။ ဒီစီမံကိန်းမှာပါတဲ့ လယ်မြေတွေအတွက် အစိုးရက ၈၀ ရာခိုင်နှုန်း ယူမယ်။ လယ်သမားကို ၂၀ ရာခိုင်နှုန်းပြန်ပေးမယ်။ ဒီမြေထဲမှာ လယ်သမားတွေကိုပြန်ပြီး ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေ ပေးမယ်”ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် စက်မှုဇုန်မြေများနှင့်ပတ်သက်၍ ဈေးကစားခြင်းများ ပပျောက်ရန်နှင့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များ တည်ဆောက်နေခြင်းဖြစ်ပြီး ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

“ပြင်ပမြို့နယ်တွေမှာ မြေဧက ၁၀၀၀ ကနေ၂၀၀၀ အထိ လျာထားပြီး စက်မှုလက်မှု ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ လုပ်နေတယ်။ ဒီလိုမျိုး စက်မှုဇုန်တွေ ဖော်ပေးလိုက်တဲ့အတွက် မြေဈေးနှုန်းက ကျဆင်းသွားဖို့ရှိတယ်။ အခုလည်း မြေဈေးက ကျတဲ့အနေအထားမှာရှိပါတယ်”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် စည်ပင်သာယာပိုင်မြေများတွင် ရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် မြို့ပြင် မြေငှားရမ်းနှုန်းမှာ တစ်စတုရန်းမီတာကို ၅ ဒေါ်လာမှ အများဆုံး ၁၃ ဒေါ်လာအထိ ရှိကြောင်း၊ မြို့တွင်း အချက်အချာကျသည့် မြေနေရာများတွင်မူ တစ်စတုရန်းမီတာကို ၃၅ ဒေါ်လာမှ ၄၀ ဒေါ်လာအထိ ကောက်ခံလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပြီး ၃၃ မြို့နယ်မှာ စည်ပင်သာယာ နယ်နိမိတ်ဖြစ်ကာ ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံနိုင်သည့် မြေအများအပြား ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

J-13



FOLLOW US