News

POST TAGGED AS

တိုင်းဒေသကြီး

ဧရာဝတီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း တရားစွဲခံရ
ပုသိမ်၊ မတ်၂၅ 

ဧရာဝတီတိုင်း ငွေဆောင်မြို့ရှိ အုန်းခြံတောင်သူများက ယခင် ဧရာဝတီ တိုင်းအစိုးရအဖွဲ့ဟောင်းမှ အတွင်းရေးမှူးဟောင်းနှင့် ငွေဆောင်မြို့ မြေစာရင်းဦးစီးတို့ကို အရေးယူပေးရန် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် မတ်လ တတိယပတ်က တရားစွဲခဲ့ကြောင်း တိုင်ကြားသူ အုန်းခြံတောင်သူများထံမှ သိရသည်။ 

ငွေဆောင်ကမ်းခြေရှိ တောင်သူ ၇ ဦး က ၎င်းတို့ပိုင်သည့် အုန်းခြံမြေ သုံးဧကကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက လုပ်ငန်းရှင် ၂ ဦးက ခြံဝင်းခတ်သည့်အတွက် အုန်းခြံတောင်သူများက တရားစွဲဆိုခဲ့ကြောင်း၊ တရားရင်ဆိုင်ချိန်တွင် ဥယျာဉ်ခြံမြေကို အခြားနည်းသုံးစွဲခွင့် အမိန့်ပုံစံ ၁၅(က) ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းမှ အတွင်းရေးမှူးဟောင်းနှင့် ငွေဆောင်မြို့ မြေစာရင်းဦးစီးတို့က လက်မှတ်ထိုး ထုတ်ပေးခဲ့သဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ဥပဒေနဲ့မညီဘဲ လက်မှတ်ထိုးပေးခဲ့တဲ့သူတွေကို တရားစွဲရတာပါ”ဟု အုန်းခြံ ပိုင်ရှင် တောင်သူဦးအေးမြင့် ကပြောသည်။

ဥယျာဉ်ခြံမြေကို အခြားနည်းသုံး စွဲခွင့် အမိန့်ပုံစံ၁၅ (က)ထုတ်ပေးသည့် မြေမှာ ပိုင်ဆိုင်သည့်ပုံစံ ၇ ရှိသည့် မြေဖြစ်ရမည်ဖြစ်ပြီး ရှိပါကလည်း ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကြော်ငြာကို ခြံတွင် ဗီနိုင်းကပ်ကြော်ငြာခြင်း၊ သတင်းစာတွင် ကြော်ငြာခြင်းအပြင် အခြားပိုင်ဆိုင်မှု အဆင့်ဆင့်ပြီးမှသာ လက်မှတ်ထိုးထုတ်ပေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြည်ဆွမ်ကပြောသည်။ 

ယခင် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ အတွင်းရေးမှူးဟောင်းနှင့် ငွေဆောင်မြို့ မြေစာရင်းဦးစီးတို့ကို ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုပေ။ တောင်သူများက သီးခြား ဥပဒေပုဒ်မ ၃၉ ဖြင့် တရားစွဲဆိုလာသည့်အမှုကို လက်ခံကြားနာစစ်ဆေးရန် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်က ဧပြီလ ၃ ရက်သို့ ချိန်းဆိုခဲ့ကြောင်း၊ တိုင်ကြားခံရသူများကိုလည်း အမှုကို လာရောက်ဖြေရှင်းရန် နို့တစ်စာများ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

R-12



FOLLOW US