News

POST TAGGED AS

တိုင်းဒေသကြီး

ဦးဖြိုးမင်းသိန်းကို ဝေဖန်ပြောဆိုခဲ့သည့် မိုက်ကယ်ကျော်မြင့် အလုပ်နှင့်ထောင်ဒဏ် ၉ လ ချမှတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် မိုက်ကယ်ကျော်မြင့်ကို အလုပ်နှင့်ထောင်ဒဏ် ၉ လကျခံစေရန် ဇန်နဝါရီလ ၁၈ ရက်မွန်းလွဲ ၃ နာရီခန့်တွင် ဒဂုံ မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်၍ မိုက်ကယ်ကျော်မြင့် အမည်ဖြင့် လူမှုကွန်ယက် စာမျက်နှာဖေ့ဘုတ်ပေါ်တွင် ၂၀၁၇ ခုနှစ်၊ မေ လ ၁၂ ရက်၊ မေလ ၁၈၊ မေလ ၂၁ ရက်၊ မေလ ၂၆ ရက်၊ မေလ ၂၈ ရက်တို့တွင် ဝန်ကြီးချုပ်၏ အပေါ်အမျိုးမျိုး ဝေဖန်သုံးနှုန်း စွပ်စွဲရေးသားထားသည့် စာသားများ ဖော်ပြရေးသားကာ အများပြည်သူ အထင်အမြင် လွဲမှားစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန်၊ အသရေပျက်စေရန်နှင့် ဝန်ကြီးချုပ်၏ လုပ်ငန်းဆောင်ရွက်မှုများကို နှောက်ယှက်ဖျက်ဆီးလိုသောသဘောဖြင့် ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုဖော်ပြသည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးမိုးဟိန်းက တရားလိုပြုလုပ်တိုင်တန်းကာ တရားစွဲဆိုစစ်ဆေးခဲ့ပြီး ထောင်ဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။

“ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အရက အလုပ်နှင့်ထောင်ဒဏ် ၆ လ၊ ရာဇသတ်ကြီးပုဒ်မ ၂၁၁ အရက အလုပ်နှင့် ထောင်ဒဏ် ၃ လ၊ အမှုက နှစ်မှုဖြစ်တဲ့အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မမှာ ချုပ်ရက် ခံစားခွင့်ပြုထားတယ်။ အမှုက နှစ်မှုဖြစ်တဲ့အတွက် ချုပ်ရက်ကို တစ်မှုအတွက်ပဲ ပေးလို့ရတာ၊ မကျေနပ်ရင် အယူခံတက်ခွင့်ရှိပါတယ်။”ဟု မြို့နယ်တရားသူကြီးက တရားခွင်တွင် ရှင်းပြသည်။

ထောင်ဒဏ် အမိန့်ချမှတ်ခဲ့သည့် အမှုနှစ်မှုကို ယင်းမြို့နယ်တရားရုံးက ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် အာမခံပေးခဲ့ပြီး မိုက်ကယ်ကျော်မြင့်မှာ အာမခံဖြင့်နေထိုင်စဉ် ရာထူးနှင့်အာဏာကို အလွဲသုံးစားပြု၍ ပြည်သူအပေါ် အနိုင်ကျင့်ပြီး အကျင့်ပျက်လုပ်ရပ်များ လုပ်ကိုင်ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အရေးယူပေးရေး အကြောင်းအရာ ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစဉ် အောက်တိုဘာလ ၂၃ ရက် ညနေ ၅ နာရီခန့်က ပြန်လည် ဖမ်းဆီးခံရပြီး တာမွေမြို့နယ်တရားရုံးတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (င) ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့်လည်းကောင်း တရားရင်ဆိုင်နေရသူ ဖြစ်သည်။

J-16



FOLLOW US