News

POST TAGGED AS

တိုင်းဒေသကြီး

ပဲခူးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဒေသခံ ၁၀ဝ၀ ကျော် ဆန္ဒပြမည်

တောင်ငူ၊ ဇန်နဝါရီ ၁၁

အပြောင်းအလဲဖြစ်မည်ဟု နာမည်ထွက်နေသော ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းကို ရာထူးမှ နုတ်ထွက်ပေးရေးအတွက် ပဲခူးမြို့ဒေသခံ ၁၀ဝ၀ ကျော်က ဆန္ဒထုတ်ဖော်ရန်အတွက် ဇန်နဝါရီလ ၁၁ ရက်တွင် ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ အသိပေးစာ ပို့လိုက်ပြီဖြစ်သည်။

ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းတွင် လူစုကာ အရှေ့လမ်းအတိုင်း တိုင်းလွှတ်တော်ရှေ့အထိ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးက ပြောကြားသည်။
     
ပဲခူးတိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း တရားဥပဒေ စိုးမိုးရေးကို မဆောင်ရွက်နိုင်ခြင်း၊ လယ်ယာမြေ ပြဿနာများ ဖြေရှင်းပေးနိုင်မှု နည်းပါးခြင်း၊ ဒေသတွင်း လူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ မဖန်တီးပေးနိုင်ခြင်း၊ ပဲခူးတိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည် မဖော်နိုင်ခြင်းတို့ကြောင့် ဆိုကာတာဝန်မှ နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ 

ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ပဲခူးတိုင်း သယံဇာတ သစ်တောနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံကို ဒေသဖွံ့ဖြိုးမှု မရှိသည့်အတွက် ရာထူးမှနုတ်ထွက်ပေးရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်က ပဲခူးဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း  ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) ပဲခူးမြို့နယ် တာဝန်ခံ ဦးလင်းနိုင်က ပြောကြားသည်။

ပဲခူးတိုင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ သယံဇာတ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံတို့သည် ဇန်နဝါရီလ ၁၀ ရက်က နုတ်ထွက်စာ တင်ထားသည်။ 

ပဲခူးတိုင်းဝန်ကြီးချုပ်သည် လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိသဖြင့် အရေးယူပေးရန် တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့က လက်မှတ်ရေးထိုးကာ NLD ပါတီ ရုံးချုပ်ထံ အစီရင်ခံစာတင်သွင်းခဲ့သည်ဟုလည်း နိုင်ငံရေး အသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလက သာယာဝတီမြို့နယ်တွင် ဒေသခံအချို့ကလည်းကောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ပဲခူးဒေသခံအချို့ကလည်းကောင်း နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

R-15



FOLLOW US