News

POST TAGGED AS

တိုင်းဒေသကြီး

ကြံစိုက်တောင်သူများ အမြတ်အစွန်းနည်း

တောင်ငူ၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်ရှိ ကြံစိုက်တောင်သူများမှာ ထွက်ရှိသောကြံများကို ကြိုတင်ငွေ ထုတ်ယူထားသည့် စက်ရုံကြီးများထံ ရောင်းချနေရသဖြင့် အမြတ်အစွန်း နည်းပါးကြောင်း ကြံစိုက်တောင်သူများက ပြောကြားသည်။

ပဲခူးတိုင်း မြို့လှမြို့နှင့် ရေတာရှည် စက်ရုံမှ ကြံဝယ်ယူသည့် ဈေးကွာနေပြီး  မြို့လှစက်ရုံတွင် ကြံတစ်တန်လျှင် ကျပ်သုံးသောင်းရှစ်ထောင်သာ ရရှိပြီး ရေတာရှည်မြို့ရှိ သကြားစက်တွင်  ကျပ်ငါးသောင်းခန့် ရရှိကြောင်း၊ သို့သော် မြို့လှမြို့ရှိ ကြံစက်တွင် ကြိုတင်ငွေ ထုတ်ထားသောကြောင့် ရေတာရှည်သို့ သွားရောင်း၍ မရတော့သဖြင့် အမြတ်ငွေ နည်းရကြောင်း၊ ကြိုတင်ငွေ ထုတ်ရာတွင် တစ်ဧကလျှင် ကျပ်တစ်သိန်းရှစ်သောင်းကျပ် ထုတ်ရပြီး ရောင်းချိန်တွင် ကြိုတင်ငွေကို ပြန်နုတ်ကြောင်း ဆွာမြို့နေကြံစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

၂၀၁၆ ခုနှစ် ကြံရာသီချိန် နောက်ဆုံးအပတ်က ကြံတစ်တန်လျှင် ကျပ်ခုနစ်သောင်းအထိ မကြုံစဖူး ကြံဈေးကောင်း ရရှိခဲ့ကြောင်း၊ ယခုနှစ် ကြံရာသီချိန် (စက်ရုံလည်ပတ်ချိန်) ဒီဇင်ဘာလက ကြံတစ်တန် ပေါက်ဈေး ၃၂၀ဝ၀ ခန့်မှ တဖြည်းဖြည်း မြင့်တက်ခဲ့သော်လည်း စက်ရုံတစ်ခုချင်း၏ ကြံဝယ်ယူသည့်ဈေးနှုန်းမှာ မတူညီကြောင်း ဒေသတွင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ဇေယျဝတီ၊ အုတ်တွင်း၊ ရေတာရှည်၊ မြို့လှနှင့် တောင်ဇင်အေး သကြားစက်ဟူ၍ သကြားစက်ရုံ ၅ ရုံခန့်ရှိပြီး ယမန်နှစ်ကြံ ရာသီချိန် စက်ရုံပေါက်ဈေး အနည်းငယ် ကွဲပြားနိုင်သော်လည်း တစ်တန်လျှင် ကျပ်ငါးသောင်းကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ယခုနှစ်ကြံ စိုက်ပျိုးရာသီချိန် ရရှိသည့် ဈေးနှုန်းသည် တစ်ဧက ၁၅ တန်နှုန်းနှင့် တွက်မည်ဆိုပါက တစ်ဧကလျှင် ကျပ် ခြောက်သိန်းခွဲခန့် ရရှိမည်ဖြစ်ပြီး စိုက်ပျိုးစရိတ် ကျပ်သုံးသိန်း နုတ်မယ်ဆိုပါက လုပ်အားခသာ အမြတ်ရမည်ဖြစ်ကြောင်း ဆွာမြို့ခံ ကြံတောင်သူများက ပြောကြားသည်။
         
“ကနေ့ပေါက်ဈေးက တစ်တန် ၄၄၀ဝ၀ လောက်ပေါက်ပါတယ်။ ကြံတောင်သူက ငွေကြိုထုတ်ထားရင် ထုတ်တဲ့စက်ရုံမှာ ရောင်းရတယ်ဆိုပေမယ့် ကြံဈေးကောင်းနေတယ် ပြောတဲ့စက်ရုံဆိုတာ ခရီးကွာလှမ်းနေတဲ့အတွက် နေရာ အနီးအဝေး လိုက်ပြီး ကြံဈေးကွာနေတယ်ပဲ ပြောရမှာပါ”ဟု မြို့လှသကြားစက်ရုံမှ ကြံဝယ်ယူရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် ကြံစိုက်ဧက တစ်သောင်းကျော်ရှိနေပြီး ရေတာရှည်မြို့နယ်သည် ကြံစိုက် ပျိုးထုတ်လုပ်မှု အများဆုံး ရှိကြောင်း၊ ရေတာရှည်မြို့နယ်တွင် ကြံစိုက်ဧက ၂၂၅၃၅ ဧက၊ ကြံစိုက်တောင်သူ ၆၀ဝ၀ ကျော် လုပ်ကိုင်ကာ အသက်မွေးနေကြောင်း ရေတာရှည်မြို့နယ် စက်မှုသီးနှံ ဖွံ့ဖြိုးမှုဦးစီး ဌာနမှူးရုံးထံမှ သိရသည်။

R-15



FOLLOW US