News

POST TAGGED AS

တိုင်းဒေသကြီး

တိုင်းဒေသကြီးအစိုးရက တနင်္သာရီအပတ်စဉ်ကို သတင်းမီဒီယာဥပဒေဖြင့် တရားစွဲခွင့်ရ
ထားဝယ်၊ ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးအမည်ရ သရော်စာနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးတိုက်လျှောက်ထားမှုတွင် သတင်းမီဒီယာဥပဒေဖြင့် အရေးယူသွားရန် ဒီဇင်ဘာလ ၂၁ ရက်က အမိန့်ချလိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။

သရော်စာနှင့် ပတ်သက်၍ ထားဝယ် မြို့မရဲစခန်းမှူး၏ စုံစမ်းစစ်ဆေး၍ ပြန်လည်တင်ပြချက်အရ ဦးတိုက် လျှောက်ထားခံရသူ တာဝန်ခံအယ်ဒီတာကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)အရ အရေးယူဆောင်ရွက်သွားရန် အမိန့်ချလိုက်ကြောင်း မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။

“ဒီနေ့မနက်မှာပဲ အမိန့်ချလိုက်တာပါ” ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ တိုင်လျှောက်ခံရသူဖြစ်သည့် တနင်္သာရီ အပတ်စဉ်၏ တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးဟန်ထက်ကို သမ္မန်စာထုတ်ဆင့်၍ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် လာရောက်ရန် ချိန်းဆိုထားကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ အမှုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် စုံစမ်းစစ်ဆေးရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တရားရုံးက ထားဝယ်မြို့မရဲစခန်းသို့ စာပို့ခဲ့သည်။

ထားဝယ်မြို့မရဲစခန်းက တာဝန်ခံ အယ်ဒီတာကို ဆင့်ခေါ်စစ်ဆေးကာ စစ်ဆေးချက်များကို တရားရုံးသို့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်တင်ပြပြီးနောက် ယင်းကဲ့သို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ သမ္မန်စာ ရောက်မလာသေးဘဲ စွဲဆိုထားသည့် ဥပဒေ၊ ပုဒ်မကိုသာ သိရှိသေးသည့်အတွက် အမှုနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုသေးကြောင်း တနင်္သာရီအပတ်စဉ်၏ တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးဟန်ထက်က ဆိုသည်။

“တရားစွဲလိုက်ပြီဆိုတော့ ဥပဒေအရ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်သွားရမှာပေါ့” ဟု ဦးဟန်ထက်က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် သရော်စာသည် တနင်္သာရီဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ  အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။

သရော်စာတွင် ပါရှိသည့် အကြောင်းအရာများက မမှန်ကန်သည့် အချက်အလက်များဖြင့် သိက္ခာချခြင်း၊ အပုပ်ချခြင်းများနှင့် စွပ်စွဲခြင်းများမတွေ့ဘဲ လုပ်ရည်ကိုင်ရည် အစွမ်းအစကို ဝေဖန်ထားသည့် အချက်များကိုသာ တွေ့ရကာ အစိုးရက သည်းမခံနိုင်သည့် အချိန်များတွင် အာဏာကိုအသုံးချကာ ယင်းကဲ့သို့ အရေးယူမှုများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။

“သတင်းမီဒီယာဥပဒေနဲ့တော့ စွဲခွင့်ရှိပါတယ်။ လျှောက်ထားတဲ့သူက တိုင်းမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်နေတယ်၊ တရားရုံးကလည်း တိုင်းထဲမှာပဲရှိတဲ့ တရားရုံးဆိုတော့ တရားရုံးက တကယ်ပဲ လွတ်လွတ်လပ်လပ် စီရင်နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာတွေရှိတယ်” ဟု ဦးမြင့်ကျော်က ပြောသည်။

တနင်္သာရီ အပတ်စဉ်သတင်းစာသည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် တစ်ခုတည်းသော အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ် လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ရင်ဖွင့်သံ ဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တုတွင်းကုမ္ပဏီက ယမန်နှစ်က တရားစွဲဆိုခဲ့ဖူးသည်။

တပ်မတော်ကို ဝေဖန်သော သရော်စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်က The Voice သတင်းစာကို ယခုနှစ်အတွင်း တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ကျေအေးခဲ့သည်။

Dawei Watch



FOLLOW US