News

POST TAGGED AS

တိုင်းဒေသကြီး

မန္တလေးမြို့တွင် ခိုး ဆိုး လုယက်မှုများ တိုးပွားနေ၍ လွှတ်တော်တွင် အဆိုတင်

မန္တလေး၊ ဒီဇင်ဘာ ၈

မန္တလေး တိုင်းဒေသကြီးအတွင်း အများပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး ခိုးမှု လုယက်မှု၊ မုဒိန်းမှုများ လျော့နည်းပပျောက်သွားရေးတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို မန္တလေး တိုင်းဒေသကြီး လွှတ်တော်သို့ ကိုယ်စားလှယ်တစ်ဦးက ဒီဇင်ဘာလ ၈ ရက်နေ့ အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း လက်ခံဆွေးနွေးသင့်ကြောင်း ဆုံးဖြတ်ကာ အဆိုကို လက်ခံခဲ့ကြောင်း ယင်းလွှတ်တော်အစည်းအဝေးအရ သိရသည်။

ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ယင်းအဆိုကို ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

“မန္တလေးမြို့က ပြည်သူတွေရဲ့စိတ်ထဲမှာ လုံခြုံမှုကို ဘယ်လောက် ခံစားရသလဲ၊ ဆိုချက်အချက်က တရားဥပဒေ စိုးမိုးမှုအတွက် အရေးကြီးတယ်။ စိတ်ချလုံခြုံတယ်ဆိုရင် တရားဥပဒေ စိုးမိုးလို့ပဲ။ အဲ့လိုမဟုတ်ဘူးဆို တရားဥပဒေ မစိုးမိုးလို့ပဲ။ ခုက ဘယ်သွားသွား၊ သတ်နဲ့ သွားနေရတယ်။ ရိုက်ခံရမလား။ လုခံရမလား စိုးရိမ်နေကြရတယ်။ ဒါဟာ တရားဥပဒေ မစိုးမိုးလို့ပဲ။ လုံခြုံရေအင်အား မလောက်ရင် တိုးမြှင့်ခန့်ထားရမယ်”ဟု အဆိုရှင် ဦးတင်အောင်က ပြောကြားသည်။

ဆိုင်ကယ်ကို အဓိက အသုံးပြုနေကြရသည့် မန္တလေးမြို့တော်တွင် ဆိုင်ကယ်စီး လုယက်မှုများ၊ ရိုက်နှက်လုယက်မှုများ၊ အုပ်စုဖွဲ့ လုယက်မှုများ ကဲ့သို့သော ဖြစ်စဉ်များ မကြာမကြာ ဖြစ်နေခြင်း၊ လက်နက်ခဲယမ်းများ မကြာခဏ သိမ်းဆည်းရမိနေခြင်းတို့သည် တရားဥပဒေ စိုးမိုးမှုမရှိသည့် အခြေအနေများကြောင့် ဖြစ်ပြီး အများပြည်သူအတွက် ထိတ်လန့်တကြား သွားလာနေကြရမှုများကို ဖြစ်စေကြောင်းဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့်လည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ မန္တလေးမြို့တော်လုံခြုံရေးအတွက် ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များကို လက်နက် တပ်ဆင်ပေးခြင်း၊ နောက်ပိုင်းတွင် ၂၄ နာရီပတ်လုံး လုံခြုံရေး ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လင်မယားနှစ်ဦးကို ချုပ်နှောင်ကာ မယားဖြစ်သူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခြင်း အပါအဝင် နေ့လယ်ခင်းအချိန်များ၊ ညအစောပိုင်း အချိန်များ၌ပင် ဆိုင်ကယ်စီး အမျိုးသမီးများထံမှ ပိုက်ဆံအိတ်များ ဖုန်းများကို ဆွဲယူလုယက်ခြင်း၊ အုပ်စုဖြင့် ရိုက်နှက်လုယက်ခြင်း ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

အဆိုပါ အခြေအနေများကြောင့် အလုပ်အကိုင် လုပ်ကိုင်သူများ၊ လည်ပတ်သူများဖြင့် ၂၄ နာရီပတ်လုံး သွားလာနေကြရသည့် ပြည်သူများ၊ ကုန်သွယ်ရေးအတွက် အချက်အခြာကျသည့် မြို့တော်တစ်ခုလည်းဖြစ်သည့် မန္တလေးမြို့တော်၏ တရားဥပဒေ စိုးမိုးရေးအတွက် ယခုကဲ့သို့ အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင်က ပြောကြားသည်။

ယင်းအဆိုကို ချမ်းအေးသာစံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏သဘောထား ကောက်ခံရာတွင်လည်း ကန့်ကွက်မည့်သူ မရှိသည့်အတွက် လွှတ်တော်က ဒီဇင်ဘာလ ၁၁ ရက်နေ့ ပဉ္စမနေ့တွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

M-04



FOLLOW US