News

POST TAGGED AS

တိုင်းဒေသကြီး

ကမ္ဘာ့ဘဏ်က ချေးငွေ ရုပ်သိမ်းရန် စီစဉ်မှုကိုကန့်ကွက်

ကလေး၊ နိုဝင်ဘာ ၁၁ 

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဆက်သွယ်ထားသည့် ကလေး- ဖလမ်း- ဟားခါးလမ်း အဆင့်မြှင့်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးမှု ရုပ်သိမ်းရန် စီစဉ်နေမှုကို ကန့်ကွက်ကြောင်း ချင်းပြည်နယ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရွှေထီးအိုးက ပြောကြားသည်။

ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ သန်းကို ထုတ်မချေးဘဲ ရုပ်သိမ်းလိုက်မည်ဆိုပါက ချင်းပြည်နယ်ကို ဆင်းရဲတွင်းထဲသို့ ပို့သည့်သဘော သက်ရောက်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါ လမ်းသည် ၁၉၅၀ ပြည့်နှစမှစ၍ လမ်းစတင်ဖြစ်လာပြီး နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိကြောင်း၊ ယင်းလမ်းကို အဆင့်မြှင့်တင်ရာတွင် ရေအရင်းအမြစ် စသည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က အစီရင်ခံစာ တင်သည့်အတွက် ချေးငွေ မချေးပေးမီ ကမ္ဘာ့ဘဏ်က ရုပ်သိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီမှာ လမ်းဖို့တာ လမ်းတာချဲ့တာ အကုန်လုံး လုပ်ပြီးတော့ သဘာဝ ပတ်ဝန်းကျင်ဆိုတာကလည်း ပျက်စီးသင့်သလောက် ပျက်စီးပြီးသွားပြီ။ အခုလမ်းကို အဆင့်မြှင့်တော့မယ်။ ကမ္ဘာ့ဘဏ်ကနေပြီးတော့မှ ကတ္တရာ ခင်းပေးမယ်ဆိုတဲ့အချိန်မှာ ရေအရင်းအမြစ်တွေ ထိခိုက်တယ်ဆိုပြီးတော့ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က အစီရင်ခံစာ တင်တယ်။ ကျွန်တော်တို့က လုံးဝ ကန့်ကွက်တယ်”ဟု ဝန်ကြီးရွှေထီးအိုးက ဆိုသည်။

လမ်းအဆင့် မြှင့်တင်ခြင်းသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေသည့် လုပ်ငန်းမဟုတ်ဘဲ လျော်ကြေးရလိုသည့် လူအချို့၏ ပြောစကားကို ယုံကြည်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ချင်းတစ်မျိုးသားလုံး၏ အရေးနှင့် လူအချို့အရေး မည်သည်က ဦးစားပေးဆိုသည်ကို သိရှိထားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်အတွင်းရှိ လမ်းမိုင်ပေါင်း ၁၆၀ဝ ကျော်အတွက် ချင်းပြည်နယ်၊ အစိုးရအဖွဲ့အနေနှင့် နှစ်စဉ်ကျပ် ဘီလီယံ ၈၀ အသုံးပြု တည်ဆောက်လျက်ရှိပြီး ကလေး- ဖလမ်း- ဟားခါးလမ်း မိုင်တစ်ရာကျော်ကို ပြည်ထောင်စု အစိုးရ ရန်ပုံငွေ ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်နှင့် ဂျပန်နိုင်ငံ JICA အစီအစဉ်ဖြင့် လမ်းတာချဲ့ခြင်းလုပ်ငန်း လုပ်ဆောင်လျက်ရှိကြောင်း၊ ချင်းပြည်နယ်ရှိ မြို့များသည် လမ်းပန်း ဆက်သွယ်ရေး အနေနှင့် ကားလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရသေးကြောင်း ချင်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်ရန် လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေဆဲ အဆင့်သာရှိပြီး ဆုံးဖြတ်ချက် မကျသေးကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“လမ်းတွေ လုပ်ရမယ်ဆိုလို့ရှိရင် သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့မှ safety လုပ်ဖို့ လိုပါတယ်။ အဲဒီအပိုင်းတွေမှာ ပြန်ပြီးတော့ ညှိနှိုင်းနေတာပေါ့နော်။ ဒီလိုမျိုး လိုအပ်ချက်တွေကို လိုက်နာရမယ် ဆိုပြီးတော့မှ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။ မပြီးပြတ်သေးဘူး။ ရုပ်သိမ်းဖို့ဆိုတာလည်း မဟုတ်ပါဘူး။ အဲဒါကတော့ သေချာပါတယ်”ဟု ၎င်းက ဆိုသည်။ 

R-20



FOLLOW US