News

POST TAGGED AS

တိုင်းဒေသကြီး

လေယာဉ်တည်ဆောက်သူလူငယ်ကို လေကြောင်းဦးစီးက ဖိတ်ခေါ်

မုံရွာ၊ နိုဝင်ဘာ ၎

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာမှ လေယာဉ်ပျံ တည်ဆောက်သူလူငယ်ကို လေကြောင်းဆိုင်ရာ နည်းပညာများကို လေ့လာနိုင်ရန် ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားသည့်အတွက် ရန်ကုန်ရုံးချုပ်သို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း မုံရွာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

“ဘယ်လိုမျိုး အစီအစဉ်တွေနဲ့လေ့ လာနိုင်မယ်ဆိုတာကို ဟိုကျမှ သိပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကငါးယောက် သွားကြပါမယ်။ သူတို့လည်း ဒီကလာမယ့်သူတွေအတွက် စီစဉ်မှုတွေ လုပ်နေပါတယ်”ဟု ကျွန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ဆိုသည်။

အဆိုပါကျွန်းကြီးရွာတွင် တစ်ယောက်စီးလေယာဉ်ပျံကို ကိုယ်ပိုင်တည်ဆောက်မှု၌ ပျံသန်းရန်ခွင့်ပြုမိန့်အား မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြရာမှ အဆိုပါ ဦးစီးဌာန၏ ဒုညွှန်ချုပ်ဖြစ်သူ လေယာဉ်ပျံသန်းမှု အတွေ့အကြုံ နှစ် ၃၀ ရှိသူ အငြိမ်းစား ဗိုလ်မှူးကြီးက ယင်းလူငယ်နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး ရန်ကုန်ရုံးချုပ်သို့လာရန် ဖိတ်ကြားခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ လေကြောင်းဆိုင်ရာ အကြောင်းအရာများကို လေ့လာခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ရန်ကုန်မှာ လေယာဉ်နဲ့ပတ်သက်တဲ့ နည်းပညာ ဗဟုသုတတွေ လေ့လာနိုင်မယ်။ မြန်မာနိုင်ငံမှာ လေယာဉ်ပျံ မလုပ်နိုင်သေးဘူး။ နိုင်ငံတိုးတက်ဖို့ ကျွန်တော် လုပ်ချင်တာပါ။ လေယာဉ် ပျံသန်းမှုအတွက် အများကြီး အထောက်အကူ ရမယ်လို့ မျှော်လင့်ထားပါတယ်”ဟု လေယာဉ်တည်ဆောက်သူ ကိုကျော်ဇင်ဝင်းက ပြောဆိုသည်။

အဆိုပါ လေယာဉ် တည်ဆောက်သူ အသက် ၁၉ နှစ်အရွယ် မောင်ကျော်ဇင်ဝင်းသည် ငယ်စဉ်ကပင် လေယာဉ်ပျံများကို စိတ်ဝင်စားပြီး ပညာလိုလားသော်လည်း ကျောင်းနေစရိတ် မတတ်နိုင်၍ လေးတန်းထိသာ ပညာသင်ခဲ့ရကာ လက်သမား လုပ်ကိုင်၍ မိဘနှစ်ဦး အပါအဝင် အစ်ကိုနှင့် ညီမတစ်ယောက်တို့နှင့် အတူနေထိုင်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။ 

ယင်းလူငယ်သည် ၎င်း၏ လေယာဉ်ငယ်ကိုပျံသန်းရန် စိတ်အားထက်သန်နေသည့်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် လျှပ်စစ်၊ လမ်းပန်းနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးတို့ထံ ယင်းအခြေအနေကို တင်ပြထားကြောင်း ကျွန်းကြီးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ဆက်လက် ပြောဆိုသည်။

R-08



FOLLOW US