News

POST TAGGED AS

တိုင်းဒေသကြီး

တိုက်ကြီး ကထိန်ပွဲ ရန်ဖြစ်၍ ခုနစ်ဦး ဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့တွင် အောက်တိုဘာလ ၂၉ ရက်က ရပ်ကွက်နှစ်ခု ကထိန်လှည့်စဉ် နှစ်ဖက် စကားများ ရန်ဖြစ်ရာမှ လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ကြီး မြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေ့နံနက် ၉ နာရီက မင်္ဂလာရပ်ကွက်မှ ကထိန်ခင်းသူများနှင့် ရှမ်းစုရပ်ကွက်မှ ကထိန်ခင်းသူများ ပဒေသာပင် လှည့်စဉ် နှစ်ဖွဲ့ စကားများ ရန်ဖြစ်ပြီး အုတ်နီခဲကျိုးများဖြင့် ပစ်ပေါက်ခဲ့ကြသဖြင့် လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှသိရသည်။

“ကျွန်တော် ဦးဆောင်ပြီး ပဒေသာပင်တွေကို ရှမ်းစုရပ်ကွက် ကံဦးကျောင်းဘက်ကို လှည့်တယ်။ အဲဒီကနေ ဇေတဝန်ဘုန်းကြီးကျောင်းကို လာတာ ကျွန်တော့်အဖွဲ့မှာရှိတဲ့ မိန်းကလေး ကနေတဲ့အဖွဲ့ထဲကို ဝင်ကတယ်။ ပြီးတော့ ကျွန်တော်တို့အဖွဲ့က မိန်းကလေးကို လက်ဆွဲတာက စပြီး ရန်ဖြစ်တာ”ဟု မင်္ဂလာရပ်ကွက် ကထိန်ခင်းရန် ဦးဆောင်သူ ဦးစွန်ရဲ(ခ) ဦးဇော်ဝမ်းက ပြောကြားသည်။

တိုက်ကြီးမြို့နယ်တွင် နှစ်စဉ် ကထိန်ခင်းသည့် ဓလေ့ရှိပြီး ဆောင်းဘောက်အသံများ၊ လူအင်အားများဖြင့် အပြိုင်အဆိုင် ကျင်းပလေ့ရှိကြောင်း၊ ယခုလို ခိုက်ရန် ဖြစ်ပွားမှုသည့် ဒဏ်ရာရသူများ ရှိသော်လည်း မည်သူမည်ဝါ လုပ်သည်ကို မသိကြောင်း ရှမ်းစုရပ်ကွက် ကထိန်လိုက်ပါသူ အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ဖြစ်ရာတွင် ဝင်ရောက် ဖျန်ဖြေပေးသူ မင်္ဂလာရပ်ကွက် ရာအိမ်မှူး အသက် ၅၆ နှစ်ရှိ ဦးမောင်မြင့်နှင့် အဆိုပါရပ်ကွက်နေ အသက် ၁၈ နှစ်ရှိ မောင်အောင်မျိုးကျော်တို့ကို တိုက်ကြီး ပြည်သူ့ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေကြောင်း၊ ကျန်ငါးဦးမှာ စိုးရိမ်ဖွယ် မရှိကြောင်း တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မင်္ဂလာရပ်ကွက်နေ ဦးစွန်ရဲ (ခ) ဇော်ဝမ်းက တိုင်ကြားသဖြင့် တိုက်ကြီးမြို့မ ရဲစခန်း က (ပ)၅၀၈၊ ဥပဒေ ပုဒ်မ ၃၂၅/ ၃၂၃/ ၂၉၄/ ၃၅၄/ ၁၁၄ တို့ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

R-19



FOLLOW US