News

POST TAGGED AS

တိုင်းဒေသကြီး

ဘုန်းကြီးကျောင်းမှ သိန်းငါးဆယ်ကျော် ခိုးသူ လူငယ်လေးဦးကို ဖမ်းမိ

တောင်ငူ၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့ မင်းကျောင်းတိုက်ဆရာတော်ထံမှ အောက်တိုဘာလ ၁၉ ရက် ညဦးပိုင်းက သိန်း ၅၀ ကျော် ခိုးယူသွားခဲ့ကြသည့် ဆယ်ကျော်သက် လူငယ် လေးဦးကို ၈ နာရီခန့်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖဒိုနယ်မြေရဲစခန်းမှူးက ပြောကြားသည်။

“အလှူခံရတဲ့ ပိုက်ဆံ သိန်းငါးဆယ်ကျော်ကို အိတ်အမဲတစ်လုံးနဲ့ ထည့်ထားရာကနေ ပျောက်ဆုံးခဲ့တာလို့ ဆရာတော်က ပြောတယ်။ ဝင်ထွက်သွားလားတဲ့ လူတွေကို စစ်ဆေးရာက ခိုးယူသွားတဲ့ လူငယ်လေးဦးကို နှစ်ယောက်က ဖဒိုမြို့မှာ ဖမ်းမိပြီး ကျန်နှစ်ယောက်က ရန်ကုန်မှာ ဖမ်းဆီးရမိခဲ့တာပါ”ဟု စခန်းမှူးက ပြောကြားသည်။

ဖဒိုမြို့နယ် ဘိုးပိုက်ဆံ ၂ ရပ်ကွက် မင်းကျောင်းတိုက်ဆရာတော် ဦးဝီရိယက အလှူခံရရှိထားသည့် ငွေကျပ် သိန်းငါးဆယ်ကျော်ကို အိတ်အမဲ တစ်လုံးဖြင့် ထည့်သွင်း သိမ်းဆည်းရာမှ ပျောက်ဆုံးခဲ့သည်ဟုဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့သည်။

တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာ ဖဒိုမြို့နေ အသက် ၁၇ နှစ်ခန့်အရွယ် လူငယ်များဖြစ်သော မောင်နိုင်ထက်လင်း၊ မောင်ဂျက်ကီချမ်း၊ မောင်ရဲထွေးနှင့် မောင်အငဲ (ခ) ကျော်သက်တို့က ခိုးယူသွားကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဖဒိုနှင့် ရန်ကုန်မြို့များမှ သက်သေခံပစ္စည်းများနှင့်အတူ ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး မောင်နိုင်ထက်လင်း အပါအဝင် လူငယ် လေးဦးကို ဖဒိုနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် ဆောင်ရွက်နေသည်ဟု အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15



FOLLOW US