News

POST TAGGED AS

တိုင်းဒေသကြီး

မြောင်းမြမြို့နယ်မှ ကျောင်းအုပ်ကြီးအမှု ကျောင်းသားများကို ဖိအားမပေးရန် လူမှုရေးဝန်ကြီး သတိပေး
ပုသိမ်၊ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အ.ထ.ကမှ ကျောင်းအုပ်ဆရာကြီးကို တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသည့် ကျောင်းသားများနှင့် မိသားစုဝင်များကို ဖိအားမပေးကြရန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကဝက်ကျေးရွာ အထကကျောင်းမှ ဆရာ၊ ဆရာမများကို သတိပေး ပြောကြားသည်။

“တရားလိုကျောင်းသားအတွက် လိုက်ပါ ဆောင်ရွက်ပေးတဲ့ သက်သေတွေက တရားလိုရဲ့ ကျောင်းသား သူငယ်ချင်းတွေဖြစ်တယ်။ အဲဒီသူတွေ ကိုယ်တိုင် ဒီဆရာကြီးရဲ့အကြောင်းကို ကောင်းကောင်း သိတယ်။ တရားလိုနဲ့ သူ့ရဲ့သက်သေတွေကို အမှန်တရား မထွက်ဆိုနိုင်အောင် ဆရာ၊ ဆရာမတွေက ဖိအားပေးနေတာကို တိုင်ကြားစာများအရ ကျွန်မတို့ သိထားတယ်။ ကျောင်းသားလေးတွေ ကျောင်းဆက် မတက်ချင်တော့လောက်အောင်ကိုပဲ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု ၎င်းကရှင်းပြသည်။

ကျောင်းအုပ်ဆရာကြီး၏ တရား ရင်ဆိုင်နေရမှုတွင် မည်သည့်ဘက်ကမျှ ဘက်လိုက် ဆောင်ရွက်မှုမျိုး မရှိစေရန် ယခင်ကတည်းက ပြောကြားထားပြီးဖြစ်ကြောင်း မြောင်းမြခရိုင် ပညာရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အထကကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်က လိင်တူ ဆက်ဆံခြင်း၊ အလိုမတူဘဲ အတင်း အဓမ္မ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် မြောင်းမြမြို့မရဲစခန်းသို့ ကျောင်းသားများက အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျောင်းအုပ်ကြီးကို ဖမ်းဆီးကာ ပုဒ်မ- ၃၇၇ ဖြင့် မြောင်းမြခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး အမှုကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးရုံးထံမှ သိရသည်။

R-11



FOLLOW US