News

POST TAGGED AS

တိုင်းဒေသကြီး

ဧရာဝတီတိုင်းလွှတ်တော်တည်ဆောက်ရေး ဘတ်ဂျက်တောင်းခံရန် ရေးဆွဲ
ပုသိမ်၊ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တည်ဆောက်မည့် တိုင်းလွှတ်တော်တည်ဆောက်ရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် အသေးစိတ်စာရင်း ရေးဆွဲနေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

“၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်မယ်၊ လွှတ်တော် တည်ဆောက်ရေး အတွက်ကတော့ ဒီဇိုင်းတစ်ခုကို အပြီးသတ် ရွေးချယ်ခဲ့ပါတယ်၊ ရွေးချယ်ခံရတဲ့ ဗိသုကာအဖွဲ့က လွှတ်တော် ပင်မ အဆောက်အအုံအတွက် အသေးစိတ်ပုံတွေ ဆက်ဆွဲနေပါပြီ၊ အဲဒီ ပုံတွေအတိုင်း တည်ဆောက်ဖို့ ဘတ်ဂျက် ရေးဆွဲနေတာပါ”ဟု ၎င်းက ပြောဆိုသည်။

တိုင်းလွှတ်တော် တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ၏ ပုံစံအတိုင်း အဆောက်အအုံ ဆောက်လုပ်ခြင်းမျိုးကို မပြုလုပ်တော့ကြောင်း၊ လွှတ်တော်ခန်းမနှင့် အဆောက်အအုံများ တည်ဆောက်ရေးအတွက် ဗိသုကာဆွဲပုံနှင့် ဒီဇိုင်းပြိုင်ပွဲကို ပြုလုပ်ခဲ့ရာ Amenity Design Group မှ ရေးဆွဲသော ဗိသုကာဆွဲပုံကို အပြီးသတ် ရွေးချယ်ခဲ့ပြီးဖြစ်၍ အဆိုပါ ဒီဇိုင်းအတိုင်း တည်ဆောက်ရေး လုပ်ငန်းများကို တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း၊ အရည်အသွေး စစ်ဆေးခြင်းကို ပြင်ပ ပညာရှင်များပါသောအဖွဲ့ဖြင့်  စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ဘတ်ဂျက်တွင် မြေကြီးဖို့လုပ်ငန်းနှင့် ခြံစည်းရိုးခတ်လုပ်ငန်းတို့တွင် တင်ဒါအောင် တည်ဆောက်ရေး ကုမ္ပဏီများအနေနှင့် အရည်အသွေးမမီ ဆောင်ရွက်ချက်များ တွေ့ရှိခဲ့ရပြီး စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်သဖြင့် ၎င်းတို့အသုံးပြုခဲ့သည့် ပစ္စည်းတန်ဖိုးအတိုင်း ပေးချေရန်နှင့် စာချုပ် စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူ ဆောင်ရွက်သွားရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပြသည်။

၂၀၁၆-၂၀၁၇ ဘတ်ဂျက်တွင် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးအတွက် ၂ ဒသမ ၈ ဘီလီယံ ခွင့်ပြုခဲ့သော်လည်း မြေနေရာ အပြောင်းအလဲ၊ လွှတ်တော် တည်ဆောက်ရေး ဘတ်ဂျက်ခွင့်ပြုပြီးနောက် တိုင်းအတွင်း ရေကြီးမှုများကြောင့် တည်ဆောက်ရေး တင်ဒါကို နောက်ကျမှ ခေါ်ယူနိုင်ခဲ့ပြီး တည်ဆောက်ရက်မှာ အချိန်မမီသဖြင့် ဘတ်ဂျက်ပိုငွေများကို ပြန်လည် အပ်နှံခဲ့ရကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

ယခင်အစိုးရလက်ထက်က တိုင်းဒေသကြီး လွှတ်တော် တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့ကြောင်း၊ ယခု အစိုးရလက်ထက်၌ ပုသိမ်မြို့  ဝန်ကြီးများ အိမ်ရာအနီး မြေ ၁၃ ဧကခန့်တွင် တည်ဆောက်ရန်လျာထားခဲ့ပြီး မြေဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ လျှပ်စစ်မီး တပ်ဆင်ခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လာမည့်ဘတ်ဂျက်တွင် ခွင့်ပြု ရန်ပုံငွေ ပြန်လည်ရရှိပါက လွှတ်တော် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

R-11



FOLLOW US