News

POST TAGGED AS

တိုင်းလွှတ်တော်

တိုင်းအစိုးရ၏ စီမံကိန်း ၅၀ ကျော်ရပ်ဆိုင်းရန် စစ်ကိုင်းလွှတ်တော်အတည်ပြု

မုံရွာ၊ မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက တင်ပြထားသော စီမံကိန်း ၅၆ ခုအနက် လုပ်ငန်းစီမံကိန်း ၅၀ ကျော်ကို ရပ်ဆိုင်းပြီး သုံးခုကိုသာ ဆောင်ရွက်ရန် မတ်လ ၃၀ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းတိုင်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး တင်ပြလာသည့် လုပ်ငန်း ၅၆ ခုကို ဆောင်ရွက်ခြင်းပြု၊ မပြု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ စစ်ကိုင်းမြို့နယ် စည်ပင် သာယာက အကောင်အထည်ဖော်မည့် ရွှေမင်းဝန် ၂၃ လမ်းနှင့် ၂၅ လမ်းတွင် ရေမြောင်းပြုလုပ်ခြင်း အပါအဝင် ရေ အသုံးချ စီမံခန့်ခွဲမှု ဦးစီးဌာနက ရေကြီးမှု ပြန်လည် ထူထောင်ရေးလိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်းစသည့် လုပ်ငန်း သုံးခုသာ ဆက်လက် ဆောင်ရွက်ရန် သဘော တူညီမှုရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ကျေးလက်ဒေသတွေမှာ ဖိနပ်ချွတ်ပြီး လမ်းတွေ မကောင်း၊ တံတားတွေ မကောင်းလို့ သွားလာနေရချိန်မှာ ဝန်ထမ်း အိမ်ရာတွေမှာ ငွေအများကြီး သုံးထားတာတွေ အတွက်မို့ သဘောမတူတာပါ”ဟု အရာတော်မြို့နယ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏက ပြောဆိုသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်သူ ကိုယ်စားလှယ်ပေါင်း ၈၆ ဦးရှိပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒေသန္တရ ဥပဒေမူကြမ်း၊ စစ်ကိုင်း တိုင်းဒေသကြီး၏ အရအသုံးဆိုင်ရာ ဥပဒေ မူကြမ်းနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ကာ အဆုံးအဖြတ် ရယူပြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်း ၅၃ ခုကို ဆောင်ရွက်ခြင်း မပြုကြောင်း ဆုံးဖြတ်လိုက်သည့်အတွက် ထွက်ပေါ်လာသည့် ငွေကြေးများကို ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ဒေါင်းမြူး ချောင်းကိုပြုပြင်ရန် ကျပ်သန်း ၅၀ဝ ကိုဖယ်၍ ကျန်ငွေများကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အညီအမျှ ခွဲဝေဆောင်ရွက်မည်ဖြစ်ကြောင်း လဟယ်မြို့နယ် ကိုယ်စားလှယ် ဦးကယ်က ပြောကြားသည်။

R-08



FOLLOW US