News

POST TAGGED AS

တိုင်းရင်းသား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းကို ကချင်အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်
မြစ်ကြီးနား၊ ဇူလိုင် ၁၇

၂၁ ရာစု ပင်လုံတတိယအကြိမ်မြောက် ညီလာခံတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းပါ အချက်အလက်များမှာ မှန်ကန်မှုမရှိဟုဆိုကာ ယင်းမိန့်ခွန်းပါအချက်သုံးချက်ကို ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူထုအခြေပြုအရပ်ဘက် အဖွဲ့အစည်း ၁၀ ဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်သည် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အကြား ပြဿနာကြီးငယ် တစ်စုံတစ်ရာမရှိခဲ့ဘဲ သက်ဆိုင်ရာအစိုးရများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင်သာ မကျေနပ်ချက်များရှိခဲ့သည်ဟုပြောဆိုချက်သည် မှန်ကန်မှုမရှိကြောင်း ဖော်ပြထားသည်။

“အဓိကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ဟာက လက်ရှိဖြစ်နေတဲ့ဟာနဲ့ ဆန့်ကျင်နေတာဖြစ်တယ်။ အဲဒီထဲကမှ အဓိကအချက်သုံးချက်ကို ကန့်ကွက်တာ”ဟု  Kachin Women’s Association Thailand အဖွဲ့မှ ဒေါ် San Htoi က ပြောဆိုသည်။

ထို့ပြင် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA သည် ဘာသာရေးကို အခြေခံပြီး ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းနောက်တွင်သာ တိုင်းရင်းသားလက်နက်ကိုင်အဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည့်အပေါ်လည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတိုင်းရင်းသားအချို့နှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည် ဆိုသော်လည်း သမိုင်းကိုပြန်ကြည့်ရှုပါက ၁၉၆၂ စစ်အာဏာသိမ်းချိန်မှစ၍ တိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားခဲ့သူမှာ အစိုးရအာဏာကို ရယူထားသော တပ်မတော်သာဖြစ်ကြောင်း၊ ထို့ပြင် KIO/ KIA သည် ဘာသာရေးကို အခြေခံပြီး ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ နိုင်ငံရေးလိုအပ်ချက်အရ ကချင်လူထု၏အခွင့်အရေးကို ကာကွယ်ရပ်တည်ပေးရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ ထုတ်ပြန်ချက်ကို Kachin Women’s Union၊ Kachin Women’s Association Thailand၊ Kachin National Social Development Foundation နှင့် Kachin State Women Network အစရှိသည့် ကချင်အရပ်ဘက် အဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

R-06



FOLLOW US