News

POST TAGGED AS

တိုင်းရင်းသား

မောင်တောတွင် ရွှေ့ပြောင်းရခိုင်တိုင်းရင်းသား အိမ်များကို အာဏာပိုင်များ ဖြိုဖျက်
စစ်တွေ၊ ဇူလိုင် ၉

မောင်တောမြို့နယ်တောင်ပိုင်း အငူမော်-မောင်တော ကားလမ်းဘေးတွင် တည်ရှိသော သင်္ဘောကွေ့ရွာ၌ ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများနေထိုင်ရာ အိမ်များကို ဇူလိုင်လ ၉ ရက် ညနေ ၆ နာရီက ဒေသအာဏာပိုင်များ ဖြိုဖျက်ခဲ့ပြီး ကျေးရွာရှိ ခေါင်းဆောင်နှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း ကျေးရွာနေသူများထံမှ သိရသည်။ 

အဆိုပါ ရွာသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များလာရောက်ကြပြီး ကျေးရွာဆေးပေးခန်းနှင့် အိမ်တစ်လုံးကို စတင်ဖြိုဖျက်ခဲ့ကြောင်း ကျေးရွာသူ မရွှေရီလင်းလက်က ပြောသည်။ 

“သူတို့ (အာဏာပိုင်တွေ) ကို ပတ်ပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေယူပြီးတော့ လမ်းထိပ်ကို ထွက်လို့ပြောတယ်။ ကျန်တဲ့ပစ္စည်းတွေကို သူတို့စနစ်တကျနဲ့ ပုံပြီးတော့ သူတို့ကားနဲ့တင်ပြီးတော့ အင်းဒင်ရွာကို ပြောင်းသွားမယ်ပြောတယ်။ အင်းဒင်ရွာကိုတော့ မသွားကြဘူး။ အိမ်ကိုဖြိုချင်တယ်ဆိုရင် ဖြို၊ အိမ်မရှိတော့ လမ်းဘေးမှာပဲနေရမှာပါ။ ကျွန်မမိဘနှစ်ပါးကိုလည်း ဖမ်းသွားကြပြီ”ဟု ၎င်းက ပြောသည်။ 

အဆိုပါ ရွှေ့ပြောင်းလာသော တိုင်းရင်းသားများကို အင်းဒင်ကျေးရွာတွင်နေထိုင်ရန် အာဏာပိုင်များက စီစဉ်နေပြီး ယင်းကျေးရွာ၌ လုပ်ကိုင်စားသောက်ရန် အခက်အခဲများရှိခြင်း၊ သောက်သုံးရေ အဆင်မပြေခြင်း၊ ရွှံ့နွံများမှာ ခါးအထိရောက်နေပြီး မစင်စွန့်ပါက အိမ်ဘေး၌ စွန့်ရသော အခက်အခဲများရှိသဖြင့် မပြောင်းရွှေ့နိုင်ကြောင်း ယင်းကျေးရွာတွင်နေသူ ဦးထွန်းနိုင်က ပြောသည်။ 

ကျေးရွာပြောင်းရွှေ့ခိုင်းသော်လည်း မပြောင်းရွှေ့သဖြင့် ကျေးရွာခေါင်းဆောင် ဦးအောင်နိုင်၊ ဦးထွန်းမြင့်ဦးနှင့် ၎င်း၏ဇနီး ဒေါ်ဥမ္မာကျော်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် မောင်တောမြို့နယ်တွင် တရားစွဲဆိုထားကြောင်း၊ ဇူလိုင်လ ၉ ရက်တွင် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်ကို ဖမ်းဆီးသွားကြောင်း မိသားစုဝင်ထံမှသိရသည်။ 

အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှာ မိသားစုများက အခြေချရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက သင်္ဘောကွေ့ ရွာတည်ကာ လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၂၀၀ ကျော်နေထိုင်ကြောင်း ကျေးရွာနေသူများထံမှ သိရသည်။ 

လက်ရှိ ကျေးရွာနေသူများမှာ လယ်ယာမြေများ ထွန်ယက်စိုက်ပျိုးထားခြင်း၊ ကလေးများမှာ ကျောင်းတက်နေခြင်းတို့ကြောင့် မိုးရာသီကုန်မှသာ ရွှေ့ပြောင်းပေးလိုကြောင်း ဖမ်းဆီမခံရခင် ဒေါ်ဥမ္မာကျော်က ပြောသည်။ 

ကျေးရွာရှင်းလင်းမှုနှင့် ပတ်သက်၍ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ 

R-22



FOLLOW US