News

POST TAGGED AS

တိုင်းရင်းသား

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်ရပ်နိုင်မည်လား

တိုင်းရင်းသားအဖွဲ့နှစ်ဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ကြမှုမှာ တိုက်ပွဲများ၊ ပဋိပက္ခများ ဆက်ဖြစ်နေပြီး ၂၁ ရာစု ပင်လုံညီလာခံ ရှေ့ဆက်ရန် နှောင့်နှေးနေခြင်းကြောင့် အားလျော့နေသော ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဖိုးတန် အဖွင့်ဂိုး တစ်ဂိုးဟုဆိုနိုင်သည်။

ပြည်ထောင်စု တည်ထောင်သူ သခင်အောင်ဆန်း၏မွေးနေ့တွင် ကျင်းပခဲ့သော နေပြည်တော်မှ လက်မှတ်ရေးထိုးပွဲတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ခဲ့ကြရာ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်း ၁၀ ဖွဲ့အထိ ရှိသွားပြီဖြစ်သည်။

မွန်တိုင်းရင်းသား အဖွဲ့အစည်းဖြစ်သော NMSP သည် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် အဓိကကျသည့် ပလေယာတစ်ဦးဟုဆိုနိုင်ပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဆယ်စုနှစ်များစွာ ကျောင်းများ၊ တရားရုံးများ အပါအဝင် စင်ပြိုင်အဖွဲ့အစည်းများ ဖွဲ့စည်းလည်ပတ်နိုင်ခဲ့သည့် လက်နက်ကိုင် အင်အားစုဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ လားဟူတိုင်းရင်းသား အဖွဲ့အစည်းဖြစ်သော LDU မှာမူ အဖွဲ့ငယ်တစ်ခုမျှသာဖြစ်သည်။

NCA သည် မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး ခေတ်လွန် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ပထမဆုံး အရပ်သားတစ်ပိုင်း အစိုးရဖြစ်သော သမ္မတ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေး (USDP) အစိုးရလက်ထက် စတင် အကောင်အထည် ဖော်နိုင်ခဲ့သည့် လုပ်ငန်းစဉ်ဖြစ်သည်။ တပ်မတော် ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သော ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ အထိ NCA လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရခိုင်နှင့်ရှမ်းမှအပ တိုင်းရင်းသား လူနည်းစု ဒေသအများစုတွင် အပြတ်အသတ် အနိုင်ရခဲ့သလို ပြည်တွင်း ငြိမ်းချမ်းရေးကို အဓိက ရည်မှန်းချက်အဖြစ် သတ်မှတ်ထားခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရှိန်အဟုန် ပိုကောင်းလာမည်ဟု အများမျှော်လင့်ခဲ့ကြသည်။

၂၁ ရာစု ပင်လုံညီလာခံအမည်ဖြင့် NLD အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးများ နှစ်ကြိမ်တိုင် ကျင်းပခဲ့သော်လည်း အစိုးရအကူးအပြောင်းတွင် NCA လုပ်ငန်းစဉ် အစိုးရဘက်မှ ဦးဆောင်မှု အပြောင်းအလဲအချို့ ရှိခြင်းကြောင့် ပြန်လည် ပုံဖော်ရခြင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အချို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းနှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ပေ။

ယမန်နှစ် မေလအတွင်းက ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ဆွေးနွေးပွဲတွင်မူ NLD အစိုးရနှင့် တပ်မတော်သည် NCA လက်မှတ်ရေးထိုး ပြီးဖြစ်သည့် အဖွဲ့ရှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးပင်မ အခြေခံအဖြစ် ဖက်ဒရယ်ပြည်ထောင်စု စနစ်သစ်ထူထောင် ရေးမူဝါဒအချို့ကို အကြမ်းဖျင်းအားဖြင့် သဘောတူညီ နိုင်ခဲ့ခြင်းသာ သိသာသော အောင်မြင်မှုဖြစ်ခဲ့သည်။ 

စစ်အုပ်ချုပ်ရေးခေတ်က ရေးဆွဲခဲ့သော အခြေခံဥပဒေတွင် ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးထားပြီး တိုင်းပြည်၏ အာဏာနှင့် သယံဇာတများကို ခွဲဝေသုံးစွဲခွင့်ရရေးကို ခွင့်ပြုထားခြင်း မရှိရာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တိုင်းရင်းသား လူနည်းစုများအတွက် ကျေနပ်လောက်ဖွယ် အပြောင်းအလဲတစ်ရပ် မဟုတ်ခဲ့ပေ။ အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး ကဲ့သို့သော တိုင်းပြည် လုံခြုံရေးနှင့် မြို့နယ်ခရိုင်အဆင့် အုပ်ချုပ်ရေးတွင် အဓိကကျသော ဝန်ကြီးဌာနများမှာ တပ်မတော်လက်အောက်တွင်သာ ဆက်ရှိနေခြင်းကြောင့် State Within State ဖြစ်နေသည့် အခြေအနေတွင် အစိုးရသစ်နှင့် တပ်မတော်ကြား ယုံကြည်မှု တည်ဆောက်ရန်ပင် အချိန်ယူနေရရာ ငြိမ်းချမ်းရေးမှာ ပိုမိုခက်ခဲလာသည်ဟုပင် ယူဆစရာ ဖြစ်လာခဲ့သည်။

လတ်တလောတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) (သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့၏ မူရင်း အသုံးအနှုန်းအတိုင်း ဖော်ပြခြင်းဖြစ်ပြီး အသုံးအနှုန်း အငြင်းပွားမှုနှင့် ပတ်သက်၍ အငြင်းပွားလိုခြင်းမရှိပါ) နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သလို အရပ်သားများ ပိတ်မိနေသည့် ပြဿနာမှာလည်း စိုးရိမ်ဖွယ်ဖြစ်နေခဲ့သည်။ KIA သည် NCA ကို လက်မခံသည့် တရုတ်နယ်စပ်တစ် လျှောက်ရှိ အဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထူထောင်သူဖြစ်ရာ ငြိမ်းချမ်းရေး ရှေ့ခရီးမှာ ပိုမိုမရေမရာ ဖြစ်လာခဲ့သည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ အားလုံး၏ လက်နက်ကိုင် အင်အား ပေါင်းလိုက်လျှင် တပ်မတော်ပြီးလျှင် နိုင်ငံတွင်း အားအကောင်းဆုံးဟု ဆိုနိုင်သည်။ 

ထည့်သွင်း စဉ်းစားရမည်မှာ မြောက်ပိုင်းမဟာ မိတ်အဖွဲ့များနှင့် ပြေလည်ရေးတွင် အိမ်နီးချင်း တရုတ်၏ ပူးပေါင်းပါဝင်မှုမှာ Game Changing Factor ဖြစ်လာနိုင်သည့်အချက်ပင်။ KIA နှင့် ဆွေးနွေးမှုများကို တရုတ်နိုင်ငံတွင် သွားရောက်ပြုလုပ်ရလေ့ ရှိသလို ၂၁ ရာစု ပင်လုံညီလာခံတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ၎င်း၏ လက်နက်ကိုင် အဖွဲ့အစည်း “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) (မူရင်းအသုံးအနှုန်းအတိုင်း) တို့ တက်ရောက်ရန်ပင် တရုတ်အစိုးရ၏ တိုက်တွန်းမှုက အဓိက ကျခဲ့သည်။ သို့ရာတွင် တစ်ခုထည့်တွက်ရမည်မှာ “ဝ” သည် တရုတ်အစိုးရ၏ ဖိအားနှင့် တိုက်တွန်းမှုကို တလေးတစား လက်ခံလေ့ရှိသော အဖွဲ့အစည်းဖြစ်သော်လည်း KIA ကိုမူ တထစ်ချ တွက်၍ မဖြစ်နိုင်သလို လတ်တလော တိုက်ပွဲများ ဖြစ်ပွားမှုကလည်း ယုံကြည်မှု တည်ဆောက်ရေးကို ခက်ခဲသွားစေနိုင်သည်။

ခြုံပြောရလျှင် ငြိမ်းချမ်းရေး၏ ပထမခြေလှမ်းဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပြီးမြောက်ပြည့်စုံရေးတွင် မြောက်ပိုင်းမဟာမိတ်များ ပါဝင်လာရေးက အဓိက ကျနေပြီး ထိုသို့ ပါဝင်လာရေးတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းကူညီမှုက အထူး အရေးကြီးနေသည်ဟု ဆို နိုင်သည်။

နှစ်ဖက် သတင်းရင်းမြစ်များထံမှ နောက်ဆုံးရရှိသော သတင်းများအရမူ ယခုအခါ “ဝ”တပ်ဖွဲ့ပါ NCA လက်မှတ်ရေးထိုးရန် ပြင်ဆင်နေပြီဟု သိရသည်။ အချို့ အချက်များကို အစိုးရနှင့် ဆွေးနွေးနေဆဲ ဖြစ်သော်လည်း အဆင်ပြေခဲ့ပါလျှင် “ဝ” (UWSP/UWSA) သာမက အခြားမြောက်ပိုင်းမဟာမိတ်များပါ ပါဝင်လာဖွယ်ရှိသည်ဟု အဆိုပါ သတင်းရင်းမြစ်များက The Voice Daily သို့ ပြောသည်။

မြောက်ပိုင်း မဟာမိတ်များအနက်မှ ကိုးကန့်အဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA) ၊ တအာင်း-ပလောင်အဖွဲ့ဖြစ်သည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရခိုင်တပ်မတော် (AA) (အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများ၏ မူရင်း အသုံးအနှုန်းများ အတိုင်းဖြစ်ပါသည်) တို့ပါ “ဝ” အဖွဲ့ (UWSA/UWSP) နှင့်အတူ လက်မှတ်ရေးထိုးလာဖွယ်ရှိသည်ဟု အတွင်းသတင်းရင်းမြစ်အချို့ က ဆိုပါသည်။

လက်ရှိတွင် “ဝ” အဖွဲ့ (UWSA/UWSP) နှင့် အချက်လေးချက်ကို အဓိက ညှိနှိုင်းနေသည်ဟု သိရသည်။ ယင်းလေးချက်မှာ အကြမ်းဖျင်းအားဖြင့် (၁) “ဝ” တိုင်းရင်းသားများကို မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ (၂) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးပြီး တစ်နှစ်အတွင်း “ဝ” တပ်ဖွဲ့ (UWSA) နှင့် တိုက်ပွဲများ မဖြစ်ပွားစေရန် ၊ (၃) “ဝ” ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြည်ထောင်စု အစိုးရက ဝင်မစွက်ရန်၊ (၄) “ဝ” တိုင်းရင်းသားများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးရန်တို့ ဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ညှိနှိုင်းမှုများသာပြေလည်ပါကမူ NCA လက်မှတ်ရေးထိုးရန် အဖွဲ့အနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်သည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင်လက်ရှိ ပါဝင်ဆဲ အဖွဲ့လေးဖွဲ့အနက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NMSP နှင့် LDU တို့ NCA လက်မှတ်ရေးထိုးပြီးဖြစ်ရာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ သာ ကျန်ရှိခြင်းဖြစ်သည်။ ANC သည် အစောပိုင်းတွင် NMSP, LDU တို့နှင့်အတူ လက်မှတ်ရေးထိုးရန် ရည်ရွယ်ခဲ့သော်လည်း လက်နက်ကိုင် အဖွဲ့အစည်းရှိခြင်း၊ မရှိခြင်းနှင့် ပတ်သက်၍ အငြင်းပွားခဲ့ရခြင်း၊ အချိန်ကပ်နေသောကြောင့် NCA အရင်ထိုးပြီးမှ ညှိနှိုင်းရမည့် အခြေအနေကို လက်မခံနိုင်ခြင်းတို့ကြောင့်သာ ၁၃ ရက်နေ့က မထိုးဖြစ်ခဲ့ခြင်းဖြစ်သည်။ KNPP မှာလည်း KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့် ကရင်နီအရပ်သားတစ်ဦး သတ်ဖြတ်ခံရသည့်အပေါ် အမှန်တရားနှင့် တရားမျှတမှု ပေါ်ပေါက်ရေး ညှိနှိုင်းမှုများ မပြီး ပြတ် မပြေလည်သေးသောကြောင့်သာ လက်မှတ်ထိုး ရန် အဆင်မပြေဖြစ်နေခြင်းဖြစ်သည်။

ခြုံပြောရလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနီးပါးနှင့် NCA လက်မှတ်ထိုး ရေး ညှိနှိုင်းမှုမှာ ၂၀၁၈ ခုနှစ်အတွင်းပင် ပြီးပြတ်သွား နိုင်ရန် မျှော်လင့်၍ ရလာပြီဖြစ်သည်။ သို့သော်လည်း NCA ထိုးရုံဖြင့် အနှစ် ၅၀ ကျော်ကြာ ပြည်တွင်း ငြိမ်းချမ်းရေးအဆုံးသတ်ပြီဟုကား ဆိုနိုင်မည်မဟုတ် ပေ။ 

NCA ၏ ဖွင့်ဆိုချက်များနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော် အကြား ဖွင့်ဆိုမှုကွဲလွဲချက်မှာလည်း ပြဿနာအဖြစ် ကျန်ရှိနေဦးမည်ဖြစ်သည်။ တပ်မတော်ဘက်က လုံခြုံ ရေးပြန်လည်ပေါင်းစည်းမှု (Security Reintegration) ကို လက်နက်ဖျက်သိမ်း၊ တပ်ဖွဲ့ ဖျက်သိမ်း၊ ပြန်လည်ပေါင်းစည်း (Disarmament, Demobilization and Reintegration (DDR))ဟု ယူဆထားပြီး တိုင်းရင်းသား လက်နက်ကိုင်များကမူ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပြည်ထောင်စု တပ်မတော်အဖြစ် ပေါင်းစည်းရေးကို ဆန္ဒရှိနေကြသည်။ ယင်းကိစ္စမှာ တစ်ဖက်ရပ်တည်ချက်ကို တစ်ဖက်ကလက်ခံရန် ခက်ခဲသည့် အခြေအနေဖြစ်သည်။

တကယ်တမ်းတွင် NCA သည် ပြည်တွင်း ငြိမ်းချမ်းရေး၏ အန္တိမပန်းတိုင် မဟုတ်ဘဲ ပထမအဆင့်သာ ဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ထို့အပြင် NCA လက်မှတ်ထိုးပြီးသည့်အဖွဲ့အချို့နှင့် တပ်မတော်အကြား ထိပ်တိုက်တွေ့မှု အချို့ရှိခဲ့ဖူးရာ နောင်တွင် ထိုသို့ ထပ်မဖြစ်ရေးမှာလည်း ကြိုးပမ်းရဦးမည်ဖြစ်သည်။

ရေရှည်တည်တံ့သည့် ပြည်တွင်း ငြိမ်းချမ်းရေးရရန်အတွက်မူ ပြည်တွင်း စစ်နောက်ကွယ်မှ စေ့ဆော်သော အကြောင်းတရားများကို နားလည်ရန်နှင့် ပြေလည်မှုရရန် လိုအပ်နေဦးမည်ဖြစ်သည်။

Ref: Asian Times and News Agencies



FOLLOW US