News

POST TAGGED AS

တိုက်ကြီး

27-Jun-2018

စပါး တိုက်ကြီး
တိုက်ကြီးမြို့တွင် ကြွက်ဖျက်၍ လယ်ဧကတစ်ထောင်ခန့် စပါးစိုက်မရ


တိုက်ကြီး၊ ဇွန် ၂၆ 

တိုက်ကြီးမြို့နယ်ရှိ ဖက်ဝင်းကုန်း၊ တော်လတီ၊ အရှေ့ခုနှစ်ကျိုက်၊ အနောက် ခုနှစ်ကျိုက်၊ အလယ်ဘုတ် စသည့်ကျေးရွာ အုပ်စု ၅ စုတွင် ကြွက်ဖလောင်းများ ဝင်ရောက်ကာ ဖျက်ဆီးမှုကြောင့် လယ်မြေ ၁၀၀၀ ခန့် စပါးစိုက်မရဖြစ်နေကြောင်း တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

“စပါးကြဲလိုက်တာနဲ့ မနက်သွားကြည့် မျိုးစပါးအခွံတွေကျန်တော့တယ်၊ တချို့တောင်သူတွေဆို မျိုးစပါးနှစ်ခါ သုံးခါကြဲနေရတာ၊ အဲလိုပ ကြွက်ဖလောင်းတွေက စားသွားတာ အခွံဘဲကျန်တော့တယ်”ဟု ဖတ်ဝင်းကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။

ကြွက်ဖလောင်းများမှာ မေလဆန်းမှစ၍ လယ်မြေများတွင်ဝင်ရောက်နေပြီး နေဝင်ချိန်တွင် စပါးစိုက်ရန် ကြဲပက်ထားသော စပါးများကို စားကြကြောင်း၊ အချို့တောင်သူများမှာ မျိုးစပါး နှစ်ကြိမ်သုံးကြိမ်ကြဲရသဖြင့် စပါးစိုက်ရန် ငွေကြေးမတတ်နိုင်တော့ကြောင်း၊ မျိုးစပါး တစ်တင်းလျှင် ကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀ ခန့်ရှိနေသဖြင့် အချို့တောင်သူများ မျိုးစပါးထပ်ဝယ်ရန် အခက်အခဲရှိနေကြောင်း အရှေ့ခုနှစ်ကျိုက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းအောင်က ပြောသည်။ 

တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက လယ်ကွက်များတွင် ကြွက်ကျနေခြင်းကြောင့် ကြွက်သတ်ဆေးချခြင်းနှင့် ကြွက်များ မျိုးစပါးကြဲသည့် လယ်ကွက်ထဲသို့မလာရန် ရေမြောင်းများတူးရန် ညွန်ကြားထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ 

“မျိုးစပါးကြဲတာလည်း လေးကြိမ်ရှိပြီး ညနေဘက်ကြဲ မနက်ဆို အခွံပဲကျန်တယ်။ မျိုးစပါးဝယ်ဖို့လည်း ငွေမရှိတော့ဘူး၊ အဲဒီအတိုင်း ထားလိုက်တော့တယ်။ 

မကြားဖူးတာတွေ လက်တွေ့ကြုံနေရတယ်၊ ရွှေခရုကတစ်မျိုး၊ ကြွက်ကတစ်မျိုးနဲ့ ကျွန်တော်တို့ တောင်သူတွေ ကပ်သင့်နေပြီထင်တယ်”ဟု တော်လတီကျေးရွာအုပ်စုမှ တောင်သူ ကိုဝဏ္ဏက ပြောသည်။ 

R-19



FOLLOW US