News

POST TAGGED AS

တိုက်ပွဲ

31-Aug-2018

တပ်မတော် KNU
တပ်မတော်နှင့် KNU တို့ ဖာပွန်ဒေသတွင် ထိတွေ့တိုက်ပွဲဖြစ်
ရန်ကုန်၊ ဩဂုတ် ၃၀

တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့သည် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ဩဂုတ် ၂၈ ရက်နှင့်၂၉ ရက်များ၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသသည် KNU တပ်မဟာ (၅) နယ်မြေဖြစ်ပြီး တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းကြောင့် KNU တပ်မဟာ (၅) နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ အရာရှိတစ်ဦးက ပြောသည်။

“တပ်မဟာ (၅) နယ်မြေထဲဖြတ်ဝင်လို့ ထိတွေ့မှုဖြစ်တယ်လို့တော့ လက်ရှိကြားသိထားရတယ်။ နားလည်မှု လွဲမှားပြီး ပစ်ခတ်တာလည်း ဖြစ်နိုင်တယ်။ အခုတော့ ဒေသခံတွေ စိုးရိမ်ပြီး ရွှေ့ပြောင်းတာတွေ တော့ရှိတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဒေသမှာ ဇူလိုင်လအတွင်းကလည်း ကရင်စစ်ရေးပြအခမ်းအနား ပြုလုပ်မှုနှင့်ပတ်သက်၍ စစ်ရေးတင်းမာမှု ဖြစ်ထားသည့်ဒေသဖြစ်သည်။

အဆိုပါဒေသတစ်ဝိုက်တွင် တပ်မတော်၊ KNU တပ်များအပြင် နယ်ခြားစောင့်တပ် (BGF) တပ်များ၊ DKBA ခွဲထွက်အဖွဲ့များလည်း လှုပ်ရှားနေသည့်ဒေသဖြစ်ပြီး ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားမှုများရှိခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ အောက်ခြေရှိ နှစ်ဖက်တပ်များနှင့် ဆက်သွယ်ရန် လုပ်ဆောင်နေပြီး NCA လုပ်ငန်းစဉ်အရ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမှူးက ပြောကြားသည်။

“ထိတွေ့မှုဖြစ်တာတော့ ဟုတ်ပါတယ်။ အောက်ခြေတပ်မှူးတွေကို ဆက်သွယ်ဖို့လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ပါဝင်သည့် ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး စောခရစ္စတိုဖာထံ ဆက်သွယ်မေးမြန်းရာ ၎င်းအနေနှင့် တိုက်ပွဲဖြစ်ပွားသည်ကို ကြားသိရသော်လည်း အသေးစိတ်ကို သိရှိခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် မတ်လပိုင်းအတွင်းကလည်း ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က လမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍လည်း တပ်မတော်နှင့် KNU အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က လက်မှတ်ထိုးခဲ့သည့်အဖွဲ့ဖြစ်သည်။

J-08



FOLLOW US