News

POST TAGGED AS

တိုက်ပွဲ

တပ်မတော်နှင့် နာဂလက်နက်ကိုင်အဖွဲ့ စစ်ရေးတင်းမာ

ရန်ကုန်၊ ဇူလိုင် ၃၁

တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့တို့ စစ်ကိုင်းတိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိကြောင်း NSCN-K အဖွဲ့၏ထုတ်ပြန်ထားမှုအရ သိရသည်။

တပ်မတော်ဘက်က ယင်းဒေသတွင် စစ်ရေးတိုးချဲ့မှုအချို့ ရှိခဲ့သည့်အတွက် ပဋိပက္ခမဖြစ်ပွားစေရန် နာဂလက်နက်ကိုင်အဖွဲ့၏ နန်းယွန်းမြို့နယ် တန်ဂါကျေးရွာရှိ ဂိတ်စခန်းတစ်ခုကို ဆုတ်ခွာခဲ့ရကြောင်း NSCN-K အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အိုင်ဆက်ဆွန်မဲလ်က ပြောကြားသည်။

ယင်းသို့ စစ်ရေးတင်းမာသည့် အခြေအနေသည် ယာယီသာဖြစ်ပြီး လတ်တလော ပဋိပက္ခများ ပြင်းထန်မှု မဖြစ်စေလိုသည့်အတွက် နည်းဗျူဟာပိုင်းအရ ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လက်ရှိအခြေအနေက တင်းမာနေဆဲဖြစ်တယ်။ ဒါပေမဲ့ နာဂအဖွဲ့အနေနှင့် ထိန်းသိမ်းနေပါတယ်”ဟု ၎င်းကဆိုသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) သည် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လေ့လာသူအနေနှင့် တက်ရောက်ခဲ့သည့်အဖွဲ့လည်း ဖြစ်သည်။

နာဂလက်နက်ကိုင်အဖွဲ့များသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ခြေကုပ်ယူကာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး လတ်တလောတွင် အခြားနာဂလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် NSCN-IM အဖွဲ့ကမူ အိန္ဒိယအစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးထားသည်။

NSCN-K အဖွဲ့သည် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်စဉ်က ငြိမ်းချမ်းရေး ကော်မရှင်နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပြီး NCA စာချုပ် လက်မှတ်ထိုးရန်ထက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုသာ အဓိကထား ပြောဆိုခဲ့သည့်အဖွဲ့လည်းဖြစ်သည်။

နာဂပြည်သူများအနေနှင့် လက်ရှိတပ်မတော်နှင့် စစ်ရေးတင်းမာမှုအပေါ် ပြေလည်သွားစေလိုသည့် ဆန္ဒရှိကြပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေကြောင်း နာဂအရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် ပါဝင်သည့် ဦးရှုမောင်က ပြောကြားသည်။

“တင်းမာလာနိုင်တဲ့ အခြေအနေဆိုတာက အစိုးရဘက်က ရည်မှန်းချက်တစ်ခုရှိတယ်။ နာဂလက်နက်ကိုင်ဘက်ကလည်း ရည်မှန်းချက် တစ်ခုရှိတယ်ဆိုရင် အဲဒီနှစ်ခုကြားမှာ အကောင်းဆုံး ညှိနှိုင်းမယ်ဆိုရင်တော့ အကောင်းဆုံးပါ”ဟု ၎င်းကဆိုသည်။

NSCN-K သည် ၂၀၁၂ ခုနှစ် ဧပြီလက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ထိုးထားသည့်အဖွဲ့ ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည်။

အဆိုပါအဖွဲ့သည် အိန္ဒိယနိုင်ငံအတွင်းတွင်လည်းရှိပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခြင်းမရှိတော့ဘဲ အိန္ဒိယတပ်များနှင့်သာ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့်အဖွဲ့ ဖြစ်သည်။

နာဂလက်နက်ကိုင်အဖွဲ့က တောင်းဆိုထားသည့် နာဂပြည်နယ်ဒေသသည် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းထားသည့်အတွက် နိုင်ငံတကာ အမြင်အရ မဖြစ်နိုင်သည့် တောင်းဆိုချက်တစ်ခုအဖြစ် လေ့လာသူများက ရှုမြင်ထားသည်။ 

J-08



FOLLOW US