News

POST TAGGED AS

တိုးဂိတ်

အင်းတော်တွင် ဝက်နားရွက်ပြာရောဂါဖြစ်၍ ဝက်သယ်ယူပို့ဆောင်ခွင့်ပိတ်
ကလေး၊ ဇူလိုင် ၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ဝက်နားရွက်ပြာရောဂါဖြစ်ပွားပြီး ဝက်များသေဆုံးမှုရှိနေခြင်းကြောင့် ဝက်သယ်ယူပို့ဆောင်မှုကို ပိတ်ထားကြောင်း အင်းတော်မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဒုဦးစီးမှူး ဒေါက်တာမြင့်သူက ပြောကြားသည်။ 

အင်းတော်မြို့နယ်အတွင်း ဇွန်လနောက်ဆုံးပတ်မှစ၍ ယင်းရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၈ ရက်နေ့အထိ စာရင်းအရ ဝက် ၂၅ ကောင်သေဆုံးကာ ဝက်အကောင်ရေ ၁၁၀ ကျော်တွင် အဆိုပါရောဂါဖြစ်ပွားနေကြောင်း အဆိုပါဌာနထံမှသိရသည်။

ဝက်သေဆုံးမှုဖြစ်ပွားခဲ့သည့် အင်းတော်မြို့နယ် မဲဇာကျေးရွာရှိ ဝက်နမူနာ ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှ ရောဂါဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။ 

အဆိုပါရောဂါ ဖြစ်ပွားနေသည့်နေရာသည် အင်းတော်နှင့် ဝန်းသိုမြို့နယ် ဆက်စပ်နေသည့် နေရာများတွင်ဖြစ်ပြီး အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၃ ရွာတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေါက်တာမြင့်သူက ပြောဆိုသည်။ 

“ဝန်းသိုဘက်မှာက အရင် ဇွန်လအစောပိုင်းထဲက ဖြစ်နေတယ်။ အဲဒီကနေ ပြီးတော့မှ ဒီဘက်နယ်စပ်ကဖြစ်တဲ့ရွာတွေမှာ ဖြတ်သန်းသွားလာမှုကနေ အရင် စကူးလာတဲ့ သဘောရှိတယ်။ အခုကတော့ ကျွန်တော်တို့မြို့ရဲ့ ဝင်ပေါက်ထွက်ပေါက် သုံးနေရာမှာ ပိတ်ဆို့စစ်ဆေးပြီး ရောဂါမပြန့်ပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

အင်းတော်မြို့နယ်အတွင်း ဝက်နှင့်ဝက်သားပေါက်များ သယ်ယူပို့ဆောင်မှု ပိတ်ပင်တားမြစ်ခြင်းကို ဇူလိုင်လ ၆ ရက်နေ့မှ စတင်ပြုလုပ်နေပြီး ရောဂါထိန်းချုပ်နိုင်သည်အထိ ပြုလုပ်မည်ဖြစ်ကြောင်း အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားသည့်ဝက်ကို အခြားရောဂါထပ်၍ မဝင်နိုင်အောင် ပြုစုကုသပေးပြီး တစ်နေရာမှ တစ်နေရာ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ရောဂါထိန်းချုပ်နိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ဇီဝလုံခြုံမှုမြှင့်တင်ခြင်း၊ ဝက်များကို ကူးသန်းသယ်ဆောင်ခြင်းမပြုအောင် တားမြစ်ထားခြင်းတို့ လုပ်ဆောင်ထားကြောင်း ကသာခရိုင်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဌေးဇော်ဦးက ပြောကြားသည်။

“တိရစ္ဆာန်ကနေ လူကိုကူးတဲ့ရောဂါ မဟုတ်ဘူး။ ဝက်ဆို ဝက်အချင်းချင်းပဲဖြစ်တာဆိုတော့ လူကိုကူးစက်နိုင်တဲ့ အနေအထားတော့ မရှိဘူး။ တိရစ္ဆာန်အချင်းချင်း ကူးစက်ပျံ့နှံ့နိုင်တဲ့ရောဂါဖြစ်လို့ ဒီထက် ပျံ့နှံ့မသွားနိုင်ဖို့ အဓိကထား ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၁၂၀ ကျော်တွင်လည်း ဝက်နားရွက်ပြာရောဂါဖြစ်ပွားခဲ့ပြီး ဝက်များအများအပြား သေဆုံးခဲ့ကာ ယခုအခါရောဂါဖြစ်ပွားမှုကို ၈၀ ရာခိုင်နှုန်းကျော်အထိ ထိန်းချုပ်ထားနိုင်ကြောင်း၊ ထို့ပြင်ကောလင်းမြို့နယ်အတွင်းရှိ ရောဂါဖြစ်ပွားခဲ့သည့် ရပ်ကွက်/ကျေးရွာ ၃၁ ခုတွင်လည်း ရောဂါထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကာ ကသာခရိုင်အတွင်း ဝက်နားရွက်ပြာရောဂါဖြစ်ပွားမှုအနေနှင့် ၂၀၁၁ ခုနှစ်အတွင်းက တစ်ကြိမ် ၊၂၀၁၄ ခုနှစ်အတွင်းက တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းက သာခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

R-20



FOLLOW US