News

POST TAGGED AS

တိုင်းရင်းသား

မွန်ပြည်နယ်ရှိ တိုင်းရင်းသားများ မှတ်ပုံတင်ရရှိရေး ပြည်နယ်အစိုးရတွင် တာဝန်ရှိဟုဆို
မော်လမြိုင်၊ မေ ၃၁

မွန်ပြည်နယ်မြို့နယ်အချို့ရှိ အစွန်အဖျားဒေသတွင် နေထိုင်သော တိုင်းရင်းသားအချို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ရရှိရေးအတွက် ပြည်နယ်အစိုးရအနေနှင့် အထူးစီမံချက်တစ်ရပ်အနေနှင့် အကောင်အထည်ဖော်သင့်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်းမြို့နယ်ရှိ အစွန်အဖျားပိုင်းတွင် နေထိုင်သည့် တိုင်းရင်းသားများအတွက် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရရှိရေးနှင့် ပတ်သက်၍ မေလ ၃၀ ရက်က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်တွင် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်းမေးမြန်းခဲ့သည်။ 

“တိုင်းရင်းသားတွေက ဟိုတောထဲတောင်ထဲမှာနေတာ သိပ်ကြာသွားတဲ့အခါ ကျတော့ မြို့မှာဖွံ့ဖြိုးတိုးတက်နေတဲ့ ပညာရေး၊ ကျန်းမာရေးတွေနဲ့ အလှမ်းကွာသွားကြတယ်၊ ဒါပေမဲ့အစိုးရမှာ တာဝန်ရှိတယ်၊ လုပ်ပေးရမယ်၊ သူတို့ရဲ့အခြေခံကျတဲ့ ကလေးမွေးစာရင်း၊ လူနေထိုင်ရင် လူဦးရေ သန်းခေါင်စာရင်း၊ အဲဒါရပြီးဆိုရင် သူတို့ရဲ့ မှတ်ပုံတင်၊ အခြေခံဥပဒေအရ နိုင်ငံသား အခွင့်အရေးရှိပြီးသားပဲ၊ ဒါ့အပြင် တိုင်းရင်းသားဖြစ်တဲ့အတွက် တိုင်းရင်းသားအခွင့်အရေး ရှိသေးတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထိုနေရာဒေသတွင် ယခင်က အနက်ရောင်နယ်မြေအဖြစ် လက်နက်ကိုင်အဖွဲ့အစည်းများ ကြီးစိုးခဲ့သည့်နေရာဖြစ်ပြီး ယခု ငြိမ်းချမ်းရေးယူပြီး၊ NCA ထိုးပြီးနောက်ပိုင်း သွားလာခွင့်ရနေကြောင်း၊ ထိုဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများအတွက် အစိုးရမှ ယခုမှသာလျှင် ပညာရေး၊ ကျန်းမာရေးတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

သထုံမြို့နယ်တွင် သန်းခေါင်စာရင်း စစ်တမ်းအရ လူဦးရေ ၂ သိန်းကျော်ရှိနေပြီး လက်တွေ့တွင် ယခုထက်မကများပြားကြောင်း၊ တောင်ပေါ်ဒေသနှင့် ကျေးလက်နေထိုင်သူများမှာ ၁ သိန်းခွဲခန့်ရှိကြောင်း ထဲထိုတွင် ကရင်နှင့် ပအိုဝ်းတိုင်းရင်းသား အများစုဖြစ်ကြောင်း၊ ထိုထဲတွင် တစ်ဝက်ခန့်မှာ မှတ်ပုံတင် သန်းခေါင်စာရင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။

ထိုမေးခွန်းနှင့်ပတ်သက်၍လည်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က “မိုးပွင့်အထူးစီမံချက်နှင့် သစ္စာစီမံချက်ဖြင့် မှတ်ပုံတင်များ လုပ်ဆောင်ပေးလျက်ရှိကြောင်း သန်းခေါင်စာရင်းပြုလုပ်နိုင်ရန်အတွက် မိမိတို့ဌာနတစ်ခုတည်းက ပြုလုပ်၍မရကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းမှသာဆောင်ရွက်၍ရကြောင်း ဖြေကြားသည်။

လက်ရှိအချိန်တွင် မှတ်ပုံတင် သန်းခေါင်စာရင်းမရှိသူများအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းသည် အလွန်အရေးကြီးသည့်အတွက် ပြည်နယ်အစိုးရအနေနှင့် စီမံချက်တစ်ခုအနေနှင့် ဆောင်ရွက်ပေးသင့်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က တိုက်တွန်းခဲ့သည်။

R-21



FOLLOW US