News

POST TAGGED AS

တိုင်းရင်းသား

ပထမအကြိမ် ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲ ပြုလုပ်မည်
ရန်ကုန်၊ ဧပြီ ၅

Cherry FM မှ အဓိကကူညီပံ့ပိုးပေးပြီး ရှမ်းအသင်းကိုးသင်းနှင့်ပူးပေါင်းကာ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ပွဲစီစဉ်သူ ဦးဆိုင်းအောင်ခေဆင့်က ပြောကြားသည်။

အဆိုပါပွဲတွင် ရှမ်းစာပေနှင့်ယဉ် ကျေးမှုကော်မတီ၊ ရှမ်းလူငယ်များအသင်း၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့၊ တောင်ကြီးအသင်း၊ လားရှိုးအသင်း၊ ကျောက်မဲအသင်း၊ ထုန့်မောဝ်းအသင်း၊ သီပေါအသင်းနှင့် ကျိုင်းတုံအသင်းတို့မှ ဝင်ရောက်ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ၎င်းဆက်လက်ပြောကြားသည်။

“ဒီပွဲလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က နယ်ကိုမပြန်ရတဲ့ ရှမ်းတိုင်းရင်းသားတွေအတွက် လုပ်တာပါ။ ရန်ကုန်မှာလည်း ရှမ်းလူမျိုးတွေ အများကြီးရှိတယ်လေ။ ရှမ်းမှာလည်း ရှမ်းရိုးရာသင်္ကြန်သီးသန့်ရှိတဲ့အတွက်ကြောင့်မို့ ဒီနှစ်မှ ပထမဆုံး ရှမ်းလူငယ်တွေ အကုန်လုံး စုစည်းမိအောင်ဆိုပြီးတော့ ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါပွဲသည် အင်္ကြန်အကြိုတစ်ရက်တည်းသာ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီမှစတင်ကာ ထူးခြားသော အစီအစဉ်များအနေနှင့် ရှမ်းလူငယ် ၂၀၀ ဝန်းကျင်ခန့်ပါဝင်သော ရှမ်းရိုးရာအကများနှင့် ဖျော်ဖြေမည်ဖြစ်ကြောင်း ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

ယင်းပွဲတွင် ရှမ်းရိုးရာအစားအသောက်များဖြစ်သော သင်္ကြန်ရှမ်းမုန့် ဖက်ထုပ်၊ ရှမ်းမုန့်လက်ဆောင်း၊ ကောက်ညှင်းပေါင်း၊ ဆန်ချိုအေးများကို စတုဒီသာအဖြစ် စုံစုံလင်လင်ကျွေးမွေးမည်ဖြစ်ပြီး ရန်ကုန်ရောက်ရှမ်းအသင်းများလည်း လာရောက်ကျွေးမွေးမည်ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲကို ဧပြီ ၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ ကရဝိက်ဥယျာဉ်ကမ္ဘာ၊ မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရိုးရာအကအဖွဲ့များမှ ကရဝိက်ဥယျာဉ် ကမ္ဘာအတွင်းရှိ View Point မှ ပွဲကျင်းပမည့် မျှော်စင်ကျွန်းသို့ မွန်းလွဲ ၃ နာရီ တိတိတွင် စုပေါင်းချီတက် ကပြဖျော်ဖြေသွားမည်ဖြစ်သည်။

MZK



FOLLOW US