News

POST TAGGED AS

တိုက်ကြီး

စီးပွားရေးညီလာခံကြီး ကျင်းပစေလို
မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့် မျက်နှာစာများတွင် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အဆိုပါစိန်ခေါ်မှုများမှာ ပြည်ပနိုင်ငံနှင့်အဖွဲ့အစည်းများထံမှလာသလို အချို့မှာ ပြည်တွင်းရှိ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များထံမှလာသည်လည်း ရှိသည်။ ပြည်တွင်း/ပြည်ပမှ ဝေဖန်ပြစ်တင်ပြောဆိုမှုများအနက် အချို့မှာ စိတ်ပူပင်ကြသဖြင့် စေတနာကောင်းဖြင့် အကြံပေးပြောဆိုကြခြင်းများရှိသလို အချို့မှာမူ ဖျက်လိုဖျက်ဆီးသဘော၊ ပျက်စီးစေလိုသော သဘောဖြင့် ရှုတ်ချဝေဖန် ပြစ်တင်ပြောဆိုကြသည်များ ရှိသည်။

အဆိုပါ ပြောဆိုဝေဖန်မှုများအနက် စီးပွားရေးလောကမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးဆောင်းပါးရှင်များက မြန်မာ့စီးပွားရေး ကျဆင်းနေသည်ဟူ၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရကိုင်ရသည်မှာ မကောင်းဟူ၍လည်းကောင်း မိမိတို့ လေ့လာဖတ်မှတ်သင်ကြားခဲ့ရသည့် အဆိုအမိန့်များနှင့် စီးပွားရေးသဘောတရားများကို ကိုးကား၍တစ်နည်း၊ ယခင်ခေတ်အဆက်ဆက်က လုပ်ကိုင်ခဲ့ရသည့် စီးပွားရေး ခြေခင်းလက်ခင်း သာသာယာယာရှိမှုနှင့် နှိုင်းယှဉ်၍ တစ်ဖုံ ရေးသားပြောဆိုနေကြခြင်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်

စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များက မည်သို့ပင်ပြောဆိုသည်ဖြစ်စေ နိုင်ငံတော်သမ္မတကမူ ဇန်နဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး ၁/၂၀၁၈ ၌ “လက်ရှိ နိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့မတိုးတက်သော်လည်း စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်တွေမှာ ရာသီဥတုကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းနဲ့အတူ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနဲ့ အခြားဝန်ဆောင်မှုတွေရဲ့ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာခြင်း စတဲ့အချက်တွေအရ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်”ဟူ၍ ပြောကြားခဲ့သလို... “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း၊ ငွေကြေးအရင်းအနှီးလိုအပ်နေသည့် စီးပွားရေးအခြေခံလုပ်ငန်းများကို နှစ်လတ်ချေးငွေများထုတ်ချေးပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍတိုးတက်ရန် ညှိနှိုင်းပေါင်းစပ်ပေးခြင်းများကို ဆောင်ရွက်နေသည့်အတွက် လုပ်ငန်းများ ပိုမိုတိုးတက်မည့် အလားအလာများရှိမည်ဟု မျှော်မှန်းထားကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် လမ်းကွန်ရက်များကောင်းမွန်လာခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက် ဖြစ်ထွန်းကောင်းမွန်လာမည်ဟု မျှော်မှန်းထားခြင်းကြောင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် အမျိုးသားစီမံကိန်းမှာ နိုင်ငံ၏ ဂျီဒီပီကို ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားသည်ကို တွေ့ရှိရကြောင်း” စသည်ဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်

အဆိုပါအစည်းအဝေး၌ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်မှာ “အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင် ကျွန်မတို့တိုးတက်မှု မရှိဘူးလားဆိုတော့ တိုးတက်မှုရှိပါတယ်။ အရင်နှစ်ကထက်စာရင် တိုးတက်ပါတယ်။ တိုးတက်မှုက အမှန်ပြောရရင် တချို့ထင်တာထက်များပါတယ်။ ကျွန်မတို့ သေသေချာချာလေ့လာတဲ့အခါကျတော့ ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက်မြန်တယ်။ နိုင်ငံရေးတိုးတက်မှုကလည်း ထင်တာထက်မြန်ဆန်ပါတယ်ဆိုပြီး နိုင်ငံတကာလေ့လာရေးအဖွဲ့တွေက ကျွန်မတို့ကို ပြောထားတာရှိပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ကိန်းဂဏန်းတွေ ဘယ်ကရကြသလဲ

အထက်ဖော်ပြပါအတိုင်းဆိုသော် စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လေ့လာသုံးသပ်ဝေဖန်ချက်များနှင့် နိုင်ငံ့ခေါင်းဆောင်တို့၏ တင်ပြချက်များသည် ခေတ်စကားနှင့်ပြောရလျှင် “နည်းနည်းတော့ လွဲနေတယ်”ဟု ပြောရမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် သူတို့ လက်တွေ့လုပ်ကိုင်နေရသည့် မြေပြင်အခြေအနေအရ ပြောကြားခြင်းဖြစ်သလို၊ စီးပွားရေးပညာရှင်များကလည်း သူတို့ သိရှိလေ့လာထားသည့် ကိန်းဂဏန်းများအပေါ်တွင် အခြေခံ၍ သုံးသပ်ပြောကြားခြင်းဖြစ်ပါသည်။ ထို့အတူ တာဝန်ရှိသူ နိုင်ငံအကြီးအကဲတို့သည်လည်း ၎င်းတို့ တရားဝင် ရရှိ/တွက်ချက်ထားသည့် ကိန်းဂဏန်းနှင့် အချက်အလက်များအပေါ်တွင်သာ အခြေပြု၍ ပြောဆိုသည်ဖြစ်ရာ ၎င်းတို့အသီးသီးက အခြေခံသည့် ကိန်းဂဏန်းအချက်အလက်များ မည်သည့်နေရာကရရှိသည်၊ မည်သူတို့ ပြုစုသည်၊ မည်သည့်နည်းလမ်းဖြင့် ရရှိသည်ဆိုသည့် အချက်ကသာလျှင် အမှန်တရားကိုဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုလျှင်

၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်လမ်းရှိ ဆိုရန်တိုဗီလာ အဆောက်အအုံ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးကွန်ဖရင့်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းကို ကောက်နုတ်ဖော်ပြလိုပါသည်။ ဗိုလ်ချုပ်က “ကျွန်တော်တို့တစ်တွေဟာ တိုင်းပြည်အတွက် ကျွန်တော်တို့ရဲ့ ကိုယ်တွေ့ဗဟုသုတတွေ၊ အရည်အချင်းတွေ၊ အလုပ်လုပ်ဖို့ အသင့်ရှိတဲ့ စေတနာတွေကို စုပေါင်းကြဖို့ များစွာပင် အရေးကြီးပါသည်။ တစ်မျိုးသားလုံးကို ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းစဉ်ရေးဆွဲရမည့်နေရာမှာ လူကြီးမင်းတို့ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ရခြင်းမှာလည်း လူကြီးမင်းတို့၏ ဉာဏ်ပညာ၊ အတွေ့အကြုံ၊ ဗဟုသုတတွေအမျိုးမျိုးမှ အကျိုးရှိရာရှိကြောင်းများကို ရရှိဖို့ရန် ရည်မှန်းပြီး ဖိတ်ခေါ်ရခြင်းဖြစ်ပါသည်”ဟူ၍ ပဏာမ စကားပြောကြားခဲ့ပါသည်။

ထို့နောက် ဗိုလ်ချုပ်ကဆက်လက်၍ “အဆိုပါလုပ်ငန်းစဉ်သည် မည်သို့သောလုပ်ငန်းစဉ်မျိုး ဖြစ်ရမလဲဆိုလျှင် ချက်ချင်းလုပ်လို့ဖြစ်မည့် လုပ်ငန်းစဉ်မျိုး၊ လတ်တလော အကျိုးပေးမည့်လုပ်ငန်းစဉ်မျိုး ဖြစ်ရပါလိမ့်မည်။ အချိန်အတော်ကြာမှ အကျိုးရှိမည့် ပြန်လည်ထူထောင်ရေးစီမံကိန်းတွေနှင့် များစွာမပတ်သက်သေးပါဘူး။ ကျွန်တော်တို့ ဘာကိုလိုချင်သလဲလို့ဆိုလျှင် နှစ်ရှည်လများဆိုင်းမနေရဘဲ အကျိုးခံစားရမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်ရပ်ကို ဖန်တီးရေးဆွဲဖို့လိုပါသည်”ဟူ၍ ပြောဆိုခဲ့သလို...၊ “လူကြီးမင်းတို့ ရေးဆွဲပြုလုပ်မည့် အစီအစဉ်သည် လွန်မင်းစွာ ကျပ်တည်းခြင်းသော်လည်းကောင်း၊ လှေနံဓားထစ်သော်လည်းကောင်း မဖြစ်စေရ၊ ဖြစ်ပေါ်လာသော အကြောင်းတရားအားလျော်စွာ ပြုပြင်ပြောင်းလဲ၍ရနိုင်သော အစီအစဉ်ဖြစ်စေရပါမည်။ ၎င်းပြင် လူကြီးမင်းတို့ရှေ့မှောက်သို့ ရောက်လတ္တံ့သော ပြဿနာအရပ်ရပ်ကို ကျွမ်းကျင်သူအနေမျိုးမဟုတ်ဘဲ သာမန်လူစားအနေမျိုးဖြင့် စစ်ဆေးစောကြောစေလိုပါသည်။ လုပ်ငန်းအမျိုးမျိုးဆိုင်ရာ ကျွမ်းကျင်သူများကို ကျွန်တော်တွေ့ဖူးပါသည်။ ထိုပုဂ္ဂိုလ်များသည် များစွာပဲအသုံးကျပါသည်။ တိုင်ပင်လည်း တိုင်ပင်ထိုက်သည့် ပုဂ္ဂိုလ်တွေဖြစ်ပါသည်။ သို့သော်လည်း လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ယူဆချက်တွေဟာ အမှားမရှိနိုင်ဘူးဟု မထင်စေရန်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တွေသည်လည်း သာမန်ပုဂ္ဂိုလ်တွေပဲဖြစ်ပါသည်။ ထို့ကြောင့် သူတို့၏ထင်မြင်ချက်တွေဟာလည်း အမှားဖြစ်ချင်ဖြစ်မှာပဲ။ အမှန်ကတော့ အဆိုးအကောင်း ဝေခွဲတတ်သော သာမန်လူစားတို့၏ အတွေ့အကြုံ၊ အကြံဉာဏ်၊ ဗဟုသုတများလည်း ကျွန်တော်တို့လုပ်ရမည့် အမှုကိစ္စတွေအတွက် အရေးကြီးပါသည်။ ကျွန်တော်စကားပြောတိုင်း ယခုကဲ့သို့ သတိပေးဖူးပါသည်။ ယခုလည်း ထပ်မံ၍ သတိပေးလိုပါသည်”ဟူ၍ ပြောကြားခဲ့ပါသည်။

ဆိုရှယ်လစ်စီးပွားရေးစနစ်

ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေး စတင်၍ အောက်သို့ထိုးစိုက်ကျဆင်းသွားရခြင်းမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ယင်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူအချို့၏ လုပ်ရည်ကိုင်ရည်နှင့် အဂတိတရားကြောင့် ဖြစ်သည်ဟုဆိုလျှင် အငြင်းပွားသူနည်းကြမည်ဟု ထင်ပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုသည်မှာ စီမံကိန်းစီးပွားရေးစနစ် ဖြစ်ပါသည်။ ပို၍တိကျအောင်ဆိုရလျှင် ဗဟိုဦးစီး - စီးပွားရေးစီမံကိန်းစနစ် ဖြစ်ပါသည်။

ဗဟိုဦးစီးစနစ်ဆိုသည့်အတိုင်း စီမံကိန်းများကို အပေါ်ကချမှတ်ပါသည်။ ထိုသို့ချမှတ်နိုင်ရန်အတွက် ကိန်းဂဏန်းများကိုမူ အောက်ခြေမှ ယူသော်လည်း ကိန်းဂဏန်းများမှာ တစ်နှစ်ထက်တစ်နှစ် တိုး၍ ဖော်ပြရပါသည်။ ထိုကဲ့သို့ တိုး၍မဖော်ပြနိုင်ပါက အရေးယူခြင်းခံရပါသည်။ ထို့ကြောင့်လည်း အောက်ခြေအဖွဲ့အစည်းများသည် အမှန်တကယ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ အောင်မြင်သည်ဟူ၍ ဖော်ပြကြရပါသည်။ တကယ်တော့ ဆိုရှယ်လစ်စနစ်ကို နာမည်ဖျက်သည်မှာ တစ်ပါတီစနစ်ပင် ဖြစ်ပါသည်။ ပို၍ရှင်းအောင်ဆိုရလျှင် တစ်ပါတီအာဏာရှင်စနစ်ပင် ဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ်တွင် ပါတီ၏ခေါင်းဆောင်သည် စီးပွားရေးစီမံကိန်းများကို မအောင်မြင်ဟု မကြားလို၊ မမြင်လိုပါ။ ထိုအခါ အောက်ခြေအဖွဲ့အစည်းမှ တာဝန်ရှိသူအဆင့်ဆင့်သည် ဘယာဂတိဟူသော အကြောက်တရားကြောင့် အမှန်တရားကိုဖုံးကွယ်ကာ စာရင်းဇယားများကို လိမ်ညာတင်ပြကြရာမှသည် တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားရခြင်းဖြစ်ပါသည်။ (ထိုအကြောင်းများနှင့်ပတ်သက်၍ ကိုယ်တွေ့အတွေ့အကြုံများကို ယခင်က ဆောင်းပါးများတွင် အသေးစိတ် ရေးသားဖော်ပြခဲ့ဖူးပါသည်)။

ထပ်ဆင့်လိမ်ညာစေခဲ့သည့် နဝတနှင့် နယကခေတ်

နဝတခေတ်ဦးပိုင်းတွင် တာဝန်ရှိသူတို့ စတင်ပြောကြားခဲ့သော စကားတစ်ခွန်းမှာ “ပြီးခဲ့သည့် ဆိုရှယ်လစ်ခေတ်တွင် အောက်ခြေအဖွဲ့အစည်းများက နိုင်ငံတော်အစိုးရသို့ စာရင်းဇယားများကို အမှန်အတိုင်းမတင်ပြဘဲ လိမ်ညာတင်ပြခဲ့သည့်အတွက်ကြောင့် တိုင်းပြည်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများသည် စာရင်းဇယားများကို လိမ်ညာ၍တင်ပြခြင်းမပြုဘဲ အမှန်အတိုင်း တင်ပြကြရမည်ဖြစ်ကြောင်း၊ အကယ်၍ စာရင်းဇယားများကို လိမ်ညာတင်ပြသည်ကို တွေ့ရှိရပါက အရေးယူခံရမည်ဖြစ်ပြီး အခက်အခဲများရှိပါကလည်း အမှန်အတိုင်းတင်ပြစေလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့ကြပါသည်။

သို့ရာတွင် အောက်ခြေက အမှန်အတိုင်းတင်ပြသည့်အခါတွင်မူ အမှန်တကယ် လက်သင့်ခံ မခံကိုမူ ကိုယ်တွေ့အဖြစ်အပျက် တစ်ခု နှစ်ခုကို ဥပမာပေး၍ တင်ပြလိုပါသည်။ (ယခင်က အသေးစိတ်တင်ပြဖူးပါသည်)။ ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ရစဉ်က ဖြစ်ပါသည်။ တစ်ခါတွင် ပြည်နယ်အဆင့် တာဝန်အရှိဆုံးပုဂ္ဂိုလ်လာရောက်ပြီး ဌာနဆိုင်ရာများကို အသီးသီးတာဝန်ခွဲဝေ၍ အောက်ခြေသို့ဆင်းကာ စာရင်းဇယားများကို ကောက်ယူစေပါသည်။ အမှန်တကယ်ရှိသော စာရင်းဇယားများကို ကောက်ယူပြုစု တင်ပြသောအခါ မူလရှိရင်းစွဲစာရင်းထက် များစွာလျော့နည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဒေါသအကြီးအကျယ်ထွက်ကာ “ခင်ဗျားတို့က အရင်တုန်းကအကျင့်တွေ မပျောက်ကြသေးဘူး၊ အခုအချိန်အထိ စာရင်းဇယားတွေကို လိမ်ညာတင်ပြနေကြတုန်းပဲ”ဟု ဆဲဆိုကြိမ်းမောင်းကာ စာရင်းဇယားများကို ပြန်လည်၍ကောက်ယူစေပါသည်။

ထိုအခါ ယခင်ကရှိခဲ့သော စာရင်းဇယားများကိုပင် အနည်းငယ် ပြန်ပြုစု၍ တင်ပြသည့်အခါမှသာ “အေး... စာရင်းဆိုတာ ဒီလိုစနစ်တကျ ကောက်ရတယ်”ဟူ၍ ပြောဆိုချီးမွမ်းပါသည်။ ထို့အပြင် လေးလပတ် အစည်းအဝေးတစ်ခု၌ မြို့နယ်တစ်ခုကို စပါးစိုက်ဧက ၅၀၀ တိုးမြှင့်ခိုင်းရာ မြို့နယ်တာဝန်ရှိသူက ၎င်း၏မြို့နယ်မှာ တောင်ကုန်းတောင်တန်းများပြီး အထူးသဖြင့် ကျောက်တောင်များပေါများသည်ဖြစ်၍ မဖြစ်နိုင်ကြောင်း ပြန်လည်တင်ပြရာ “အေး ... မင်းမလုပ်နိုင်ရင်လဲ လုပ်နိုင်တဲ့အကောင်ကို ထားရတာပေါ့ကွာ”ဟုဆိုကာ တာဝန်မကျေကြောင်း စာရေးတင်သဖြင့် ၎င်းအရာရှိမှာ ပြောင်းရွှေ့သွားရပါသည်။

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း မြို့နယ်တစ်ခုက စာရင်းဇယားအမှန်ကို ကောက်ယူတင်ပြသဖြင့် စပါးစိုက်ဧက များစွာလျော့နည်းသွားရာ ၎င်းအား စာရင်းဇယား လိမ်ညာတင်ပြသည်ဟုဆိုကာ ပြောင်းရွှေ့စေခဲ့ပါသည်။

မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က နယက လေးလပတ်အစည်းအဝေးတစ်ခုတွင် တိုင်းမှူးချင်း GDP ပြိုင်ကြရာ ဧရာဝတီတိုင်းက ပထမရရှိပြီး မန္တလေးတိုင်းက ရှုံးနိမ့်ခဲ့ပါ့သည်။ ထိုအခါ ဒေါသပုန်ထပြီး GDP တက်စေရန်အတွက် ပုဂ္ဂလိကတစ်ဦးချင်း၏ခြံထဲတွင် နေကြာပင်တစ်ပင်ပဲ စိုက်စိုက်၊ နှစ်ပင်ပဲ စိုက်စိုက်၊ ကြက်ဘယ်နှကောင်မွေးမွေး၊ ဝက်ဘယ်နှကောင်မွေးမွေး စာရင်းကောင်ယူတင်ပြရမည်ဟု ဆိုလာပါသည်။မြို့နယ်များကလည်း ရပ်ကွက်ကျေးရွာအုပ်စုများသို့ အဆိုပါလမ်းညွှန်ချက်အတိုင်း အကောင်အထည်ဖော်စေရာ ရပ်/ကျေးတို့က နံကြားထောက်ပြီး ပြန်လည်တင်ပြလာသော စာရင်းဇယားများကို ပြန်လည်တင်ပြပေးခဲ့ရပါသည်။

ဤသည်ကား နဝတ/နယက ခေတ်က စီးပွားရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေကို သိသာမြင်သာစေရန် အကြမ်းဖျင်းမျှသာ တင်ပြခြင်းဖြစ်ပါသည်။

သူဌေးတွေမွေးထုတ်ခဲ့တဲ့ နဝတ/နယက

နဝတ/နယက ခေတ်တွင်လည်း မဆလခေတ်မှာကဲ့သို့ပင် စီးပွားရေးစီမံကိန်းများ မအောင်မြင်ခဲ့ပါ။ သို့ရာတွင် ထွက်ကုန်အဖြစ် စီးပွားရေးလုပ်ငန်းရှင် သူဌေးအများအပြားကို မွေးထုတ်နိုင်ခဲ့ပါသည်။ နဝတခေတ်အစတွင် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟူ၍ ကြွေးကြော်ခဲ့သော်လည်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးစနစ်သာလျှင် ဖြစ်ခဲ့ပါသည်။ သတ္တု၊ ရေနံ စသည့် သဘာဝတွင်းထွက်ရတနာပစ္စည်းများနှင့် သစ်တောသယံဇာတများကို တူးဖော်ခွင့်၊ ထုတ်လုပ်ခွင့် စသည်တို့အား တာဝန်ရှိသူတို့နှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးလုပ်ငန်းရှင်များကိုသာ လုပ်ပိုင်ခွင့်များချပေးခဲ့ခြင်း၊ မော်တော်ယာဉ်တင်သွင်းခွင့်များကို ထိန်းချုပ်ကန့်သတ်ခဲ့ပြီး မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် ရင်းနှီးသူတို့ကိုသာ အစီးရေများစွာ တင်သွင်းခွင့်ပြုခဲ့သည်။

ထို့ကြောင့် ပါမစ်တစ်စောင်သည် မူလကား တန်ဖိုးထက် အဆများစွာ မြင့်တက်ကာ ပါမစ်ထုတ်ပေးသူရော၊ တစ်ဆင့်ရရှိသူပါ အကျိုးစီးပွားများစွာဖြစ်ပေါ်စေခဲ့ခြင်း စသည်တို့ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့အပြင် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို မတန်တဆ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ/ငှားရမ်းပေးခဲ့ခြင်း စသည်တို့ကြောင့်လည်း နယက ခေတ်ကုန်လွန်သွားသောအခါတွင် မြန်မာနိုင်ငံ၌ ခရိုနီဟူသော လူတန်းစားတစ်ရပ်ကို အောင်မြင်စွာ မွေးဖွားသန့်စင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ထုတ်ကုန်မရှိတဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် နိုင်ငံရေးအရ အများမကြိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူကလက်မခံသည့် အုပ်ချုပ်ရေးစနစ်နှင့်အတူ ကုန်ထုတ်လုပ်ငန်းမရှိသည့် စီးပွားရေးစနစ်ကို အမွေအဖြစ်ရရှိလိုက်ပါသည်။ မြန်မာနိုင်ငံသည် ယခင်က ထုတ်ကုန်မရှိခဲ့သော်လည်း ထွက်ကုန်အဖြစ် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို ရောင်းချခြင်းဖြင့် အသက်ဆက်ခဲ့ရပါသည်။ ယခုသော် လူနာကလည်း မျက်ဖြူဆိုက်နေ၊ အသက်ဆက်စရာ ဆေးဝါးမရှိတော့သည့် အခြေအနေမျိုးကို ရောက်ရှိနေပါသည်။

တစ်ချိန်က အခွင့်အရေးအရလည်းကောင်း၊ သယံဇာတများ တူးဖော်ရောင်းချရာမှလည်းကောင်း စီးပွားဖြစ်ကာ ချမ်းသာကြွယ်ဝလာသူတို့သည် ယခုအခါ ဘာမျှမလုပ်တတ် မကိုင်တတ်သော အခြေအနေမျိုးတွင် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရာမှ ၎င်းတို့ထံမှ တညီတညာတည်း ထွက်လာသည့်စကားသံမှာ “ဒီအစိုးရလက်ထက်မှာ စီးပွားရေးလုပ်လို့ကိုင်လို့ မကောင်းဘူး”ဟူသော အသံပင်ဖြစ်ပါသည်။ ထိုအခါ ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် အခွင့်အရေးရခဲ့သူများ၊ လက်ရှိအစိုးရလက်ထက်တွင် အခွင့်အရေးမရတော့သူများကလည်း သံယောင်လိုက်၍ ပြောကြ၊ ဆိုကြ၊ ရေးကြ၊ သားကြသည်ကို တွေ့မြင်ဖတ်ရှုနေရပါသည်။

ဘယ်သူကမှန်သလဲ

ဤသို့သောအခြေအနေမျိုးတွင် ဆောင်းပါးအစတွင် တင်ပြခဲ့သည့် လက်ရှိအစိုးရတာဝန်ရှိသူတို့၏ ပြောစကား၊ ဆိုစကားနှင့် စီးပွားရေးပညာရှင်တို့၏ ပြောစကားတို့ကို မည်သူကမှန်ကန်သည်ဟူ၍ ဆန်းစစ်လေ့လာရန် လိုအပ်လာပါသည်။ အစိုးရတာဝန်ရှိသူတို့သည် မည်သည့်နေရာမှ မည်သည့်နည်းလမ်းဖြင့် ကောက်ခံရရှိသည့် အချက်အလက်ကိန်းဂဏန်းတို့ကို အခြေပြု၍၊ အခြေခံ၍ ပြောဆိုနေကြသည်ကို အားမနာတမ်းဖော်ထုတ်၍ ဆန်းစစ်ပြရန်လိုအပ်ပါသည်။ အလားတူပင် စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်တို့၏ အဆိုအမိန့်နှင့် ကိုးကားချက်များကိုလည်း မှန်ကန်မှု ရှိ မရှိ လက်တွေ့ဘဝနှင့် ချိန်ထိုးသုံးသပ်ရန် လိုအပ်ပါသည်။

ထိုကဲ့သို့ သုံးသပ်ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားပြောဆိုခဲ့သည့် “လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ယူဆချက်တွေဟာ အမှားမရှိနိုင်ဘူးဟု မထင်ကြစေရန်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တွေသည်လည်း သာမန်ပုဂ္ဂိုလ်တွေပဲဖြစ်ပါသည်။ ထို့ကြောင့် သူတို့၏ထင်မြင်ချက်တွေဟာလည်း အမှားဖြစ်ချင်ဖြစ်မှာပဲ။ အမှန်ကတော့ အဆိုးအကောင်းဝေခွဲတတ်သော သာမန်လူစားတို့၏ အတွေ့အကြုံ၊ အကြံဉာဏ်၊ ဗဟုသုတများလည်း ကျွန်တော်တို့လုပ်ရမည့် အမှုကိစ္စတွေအတွက် အရေးကြီးပါသည်”ဟူသည့် အချက်ကိုလည်း သတိပြုသင့်ပါသည်။

စီးပွားရေးညီလာခံကြီး ကျင်းပစေလို

ထို့ကြောင့် စီးပွားရေးနှင့်ပတ်သက်၍ နကန်းတစ်လုံးမျှမသိရှိသော သာမန်ပြည်သူတစ်ဦးအနေနှင့် အကြံပြုတင်ပြလိုသည်မှာ “အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးပညာရှင်များ၊ ကုန်ထုတ်လုပ်ငန်းအပါအဝင် နယ်ပယ်စုံမှ အသေးစား၊ အလတ်စားနှင့် အကြီးစားစီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ပါဝင်သော (ဗိုလ်ချုပ်၏ စကားအတိုင်းပြောရလျှင်) ချက်ချင်းလုပ်လို့ဖြစ်မည့် လုပ်ငန်းစဉ်မျိုး၊ လတ်တလောအကျိုးပေးမည့် လုပ်ငန်းစဉ်မျိုး” ရေးဆွဲချမှတ်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဆိုင်ရာ ညီလာခံကြီးတစ်ရပ် ကျင်းပစေလိုပါကြောင်း တင်ပြလိုက်ရပါသည်...။

သိန်းထက်အောင်



FOLLOW US