News

POST TAGGED AS

တိုက်ပွဲ

မုံးကိုးတိုက်ပွဲအကြား ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး အလောင်းပြန်တွေ့
လားရှိုး၊ ဒီဇင်ဘာ ၈ 

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့တိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးအနက်မှ ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင် သုံးဦး၏ အလောင်းများကို ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၉ နာရီကျော်က ပြန်တွေ့ရှိခဲ့ကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒီဇင်ဘာ  ၂ရက် ညနေက အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးခဲ့သည့် တပ်ဖွဲ့ဝင် သုံးဦး၏ အလောင်းများကို မုံးကိုးမြို့ရှိ ရှေ့တန်းတပ်မ (၁၁) တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် ရဲစခန်းနှင့် စာသင်ကျောင်းအကြား တောစပ်တွင် သေနတ်ဒဏ်ရာများနှင့် ကျဆုံးနေသည်ကို တွေ့ရကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုသည်။

မုံးကိုးမြို့တွင် ပျောက်ဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးအနက် လေးဦးကို အသက်ရှင်လျက် ပြန်တွေ့ရပြီး ကိုးဦးမှာ ကျဆုံးခဲ့ကြောင်း၊ ယင်းနောက် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး အလောင်းကို ထပ်မံ ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်အ ရှေ့မြောက်ဒေသ မုံးကိုးမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက နိုဝင်ဘာ ၂ဝ ရက် နံနက် ၃ နာရီမှ စတင်တိုက်ခိုက်ခဲ့ရာ ၁၄ ရက်အကြာ ဒီဇင်ဘာ ၄ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိအခြေအနေတွင် မုံးကိုးမြို့ကို ရှေ့တန်းတပ်မ ဌာနချုပ် အမှတ် (၁၁) က ထိန်းချုပ်ထားနိုင်ပြီး တည်ငြိမ်မှု ရရှိနေကြောင်း အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

R-07



FOLLOW US