News

POST TAGGED AS

တိုက်ပွဲ

မုံးကိုးမြို့ရှိ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ တပ်များကို အခြားဒေသများသို့ ရွှေ့ပြောင်းတပ်ဖြန့်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့ရှိ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ တပ်များကို ရွှေ့ပြောင်း၍ အခြားဒေသများတွင် တပ်များ ဆက်လက်ဖြန့်ထားမည် ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုသည် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်မတော်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ ကုန်သွယ်ရေး စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာ ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့ကာ သွင်းကုန်ပို့ကုန်များ ရပ်ဆိုင်းခဲ့သည်။

အလားတူ ထပ်မံပြီး မုံးကိုးမြို့များတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတို့ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်က မုံးကိုးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် မဟာမိတ်တပ်များသည် မုံးကိုးမြို့မှ တပ်များ ရွှေ့ပြောင်းထားပြီး ဖြစ်ကြောင်း အတည်ပြု ပြောဆိုခြင်း ဖြစ်သည်။
“မုံးကိုးမြို့ကနေ တပ်တွေ ရွှေ့ပြောင်းထားပြီး ဖြစ်တယ်။ အခုဆို မုံးကိုးမြို့က အတော်ပျက်စီးနေပြီ” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

KIA၊ TNLA၊ MNDAA၊ AA ပူးပေါင်းဖွဲ့စည်းထားသော မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုသည် မုံးကိုးမြို့မှ တပ်များ ပြောင်းရွှေ့သော်လည်း အခြားဒေသများတွင် တပ်ဖြန့်ထားပြီး အလားတူ ဒီဇင်ဘာလ ၆ ရက် ညအချိန်တွင် နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်နှင့် မဟာမိတ် တပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ တပ်ပေါင်းစုထံမှ သိရသည်။ 

“နမ့်ခမ်းမြို့နယ် အတွင်းမှာလည်း တပ်ပွဲတွေ ဒီဇင်ဘာ ၆ ရက်နေ့ညက တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်လက်ပြောသည်။

တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံ သုံးသောင်းကျော်ခန့် တရုတ်နိုင်ငံတွင် စစ်ဘေးရှောင်လျက် ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထိုကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် KIA၊ TNLA၊ MNDAA၊ AA စသည့် လက်နက်ကိုင်အဖွဲ့များအား ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ၂၄၄ မဲ၊ ကြားနေမဲ ၇ မဲဖြင့် အတည်ပြုနိုင်ခြင်း မရှိဘဲ မှတ်တမ်းအဖြစ် ထားရှိခဲ့သည်။

သို့ရာတွင် ဒီဇင်ဘာ ၆ ရက်နေ့က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် လားရှိုးမြို့ အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူက KIA၊ MNDAA၊ TNLA လက်နက်ကိုင်အဖွဲ့များ၏ အပြစ်မဲ့ ပြည်သူများအပေါ် ဆောင်ရွက်ချက်များအား ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်သင့်ကြောင်း အရေးကြီးအဆို တင်သွင်းခဲ့သည်။

ယင်းအဆိုကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆွေးနွေးရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ဦးစိုင်းကျော် (မိုင်းဖြတ်ပြည်နယ်၊ လွှတ်တော်အမှတ် (၁) ကိုယ်စားလှယ်)၊ ဦးဒါဝိဒ် (မိုင်းဖြတ် အမှတ် ၂)၊ ဦးခွန်သူရအောင် (တောင်ကြီး) ဗိုလ်မှူးအောင်သူခိုင်၊ ဗိုလ်ကြီးပေါ်လာ၊ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး  ရပ်စောက်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ကန့်ကွက်ဆွေးနွေးခဲ့ခြင်းကြောင့် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်တက်ရောက်သော ကိုယ်စားလှယ် အရေအတွက် ၁၁၅ ဦးအနက် ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ ကြားနေ ၇ မဲဖြင့် ပြည်နယ်လွှတ်တော်က အဆိုကို အတည်ပြုလိုက်သည်။



FOLLOW US