News

POST TAGGED AS

တိုက်ပွဲ

စီစီဝမ် တာပန် တိုက်ပွဲကို သတိရစေတဲ့ မူဆယ်ဖြစ်စဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်တို့ အတွင်းရှိ တပ်စခန်း၊ ရဲစခန်းများနှင့် (၁၀၅) မိုင် ကုန်သွယ် ရေးစခန်းများကို KIA၊ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်မှစ၍ နောက်တစ်နေ့နံနက် ၈ နာရီခန့်အတွင်း အလစ်အငိုက်ရယူပြီး ပစ်ခတ် တိုက်ခိုက်မှုနှင့်အတူ တံတားသုံးစင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူများ လည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် နောက်နေ့များတွင်လည်း တပ်စခန်း၊ ရဲစခန်း၊ ရဲကင်း များကို အဝေးမှ လှမ်း၍ပစ်ခတ်ခြင်း၊ မော်တော်ယာဉ်ကြီးများကို အသုံး ပြု၍ ကားလမ်းပေါ်တွင် ကန့်လန့်ဖြတ်ထားရှိပြီး ကုန်သွယ်ရေးလမ်း ကြောင်းကို ပိတ်ဆို့ခြင်း၊ ကားများကို မီးရှို့ခြင်း၊ တံတားများကို ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် ကွတ်ခိုင်မြို့အတွင်းကိုပင် အဝေးမှလှမ်း၍ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခြင်း များ ဖြစ်ပေါ်ခဲ့ရပါသည်။

ယခုရက်ပိုင်းအတွင်း မူဆယ်မြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများ၊ ပုဂ္ဂလိကသတင်းမီဒီယာများနှင့် Online မှ သတင်းများ စဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိရာ ၂၅ ရက်နေ့တွင် ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုမှ တင်ပြလာသည့် သတင်းတစ်ပုဒ်မှာ အနိဋ္ဌာရုံသတင်းများအကြား မှ  စိတ်ကြည်နူးစရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါသည်။

အဆိုပါသတင်းမှာ လေကြောင်းမှရောက်ရှိလာသည့် တပ်မတော် သားများအား ဒေသခံပြည်သူတို့က လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြပြီး စားဖွယ်သောက်ဖွယ်များကို လက်ကမ်းနေသည့် သတင်းဓာတ်ပုံများပင် ဖြစ်ပါသည်။ အဆိုပါမြင်ကွင်းများကို မြင်တွေ့ရသည့်အခါ ကျွန်တော်၏စိတ်အစဉ်တို့သည် လွန်ခဲ့သောအနှစ် ၃၀ (၁၉၈၆- ခုနှစ်)က မူဆယ်ဒေသ တွင် ဖြစ်ပွားခဲ့သည့် စီစီဝမ်-တာပန်တိုက်ပွဲကာလအတွင်းက အလားတူ ဖြစ်စဉ်များကို သတိရမိပါသည်။

မူဆယ်မြို့သည် မြန်မာနိုင်ငံအရှေ့မြောက်ဒေသ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်တည်ရှိ၍ မန္တလေးမှ ၂၈၈ မိုင်၊ လားရှိုးမှ ၁၇၅ မိုင် ကွာ ဝေးသည့် နယ်စပ်မြို့ကလေးတစ်မြို့ ဖြစ်ပါသည်။ ၁၉၈၄/၈၅ ခုနှစ်က ကျွန်တော်သည် ၀န်ထမ်းဘ၀ဖြင့် မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် တာဝန်ထမ်း ဆောင်ခဲ့ရပါသည်။ မူဆယ်သည် ထိုအချိန်က မဖွံ့ ဖြိုးသေးသည့်မြို့လေး တစ်မြို့ ဖြစ်သလို မူဆယ်နှင့်ခြံစည်းရိုးသာခြားသည့် တရုတ်နိုင်ငံ ကျယ်ခေါင် ဒေသသည်လည်း အလားတူပင်ဖြစ်ပါသည်။ ထိုစဉ်က နှစ်နိုင်ငံတရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသေးသော်လည်း တရုတ်နိုင်ငံထုတ် လူသုံး။အိမ်သုံးပစ္စည်းများကမူ မြန်မာနိုင်ငံအတွင်းသို့ မှောင်ခိုပစ္စည်းများအဖြစ်ဝင် ရောက် လာကြပါသည်။ ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အခြေပြုလှုပ်ရှားလျက်ရှိသလို ပဲခူရိုးမမှစားကျက်ပြောင်း လာသော ဗကပတို့သည်လည်း တစ်ဖက်နိုင်ငံ၏အကူအညီဖြင့် ပြန်လည် နိုးထရန် ဆောင်ရွက်နေသောကာလဖြစ်၍ ငြိမ်သက်သယောင်ယောင်နှင့် မငြိမ်မသက်ဖြစ်နေသော ဒေသတစ်ခုလည်းဖြစ်ပါသည်။

ကွမ်းလုံရက် ၄၀ တိုက်ပွဲ
ဗမာပြည်ကွန်မြူနစ်ပါတီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင် အခြေပြုခဲ့ကြရာမှ ၁၉၇၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ကွမ်းလုံ (ဟိုက် ကမ်းပါး) ရက် ၄၀ တိုက်ပွဲကြီးဖြစ်ပွားပြီးနောက် ဗကပများ ဦးကျိုးခဲ့ကြ သည်။ (ကွမ်းလုံတိုက်ပွဲမှာ ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင် ဘာလ ၂၈ ရက်နေ့အထိဖြစ်ပွားခဲ့သည်။ ဗကပအင်အား ၄၀၀၀ ခန့်သည် တစ်ဖက်နိုင်ငံမှ ကူညီပံ့ပိုးမှုဖြင့် ဟိုက်ကမ်းပါးတောင်ကုန်းကို သိမ်းပိုက် ခဲ့ကြသည်။ တပ်မတော်သည် မိမိထက် အင်အား အဆမတန်များပြား သောရန်သူများကို အနီးကပ်လှံစွပ်ထိုး တိုက်ပွဲများအပါအ၀င် ရဲရဲဝံ့ဝံ့ စွန့်လွှတ်စွန့်စားကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကြောင့် ဗကပတို့ဘက်မှ အင်အား ၁၂၀၀ ခန့်ထိခိုက်ကျဆုံးခဲ့ပြီး တပ်မတော်မှ စစ်သည် ၈၅ ဦး တိုင်းပြည်အတွက် အသက်ပေးလှူကာ ၂၇၄ ဦးဒဏ်ရာရရှိခဲ့ရသည့် သမိုင်းဝင်တိုက်ပွဲကြီးဖြစ်သည်)။ ဗကပတို့သည် ကွမ်းလုံမြို့သိမ်းတိုက်ပွဲ၌ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ဆယ်နှစ်ကျော်ကာလအတွင်း အင်အား များစုဖွဲ့ကာ  မူဆယ်ဒေသကိုသိမ်းပိုက်၍ လွတ်မြောက်နယ်မြေဒေသ အဖြစ် ကြေညာနိုင်ရန်အလို့ငှာ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်ပြု လုပ်လာခဲ့ကြသည်။

စီစီဝမ်-တာပန်
စီစီဝမ်-တာပန် ဆိုသည်မှာ မူဆယ်မြို့နယ်၏ အရှေ့ဘက်ခြမ်း၊ စီစီဝမ်နှင့် တာပန်ရွာပျက်များကိုအစွဲပြု၍ ခေါ်တွင်သောအမည် ဖြစ် သည်။ ထိုဒေသသည် တရုတ်-မြန်မာနယ်စပ်နှင့် မဝေးကွာသည့်အပြင် စစ်ရေးအရ မဟာဗျူဟာ အချက်အချာကျပြီး မူဆယ်နှင့်နမ့်ခမ်းဒေသကို စိုးမိုးထားနိုင်သော နေရာဖြစ်ရုံသာမက ကွတ်ခိုင်-မူဆယ်လမ်းကိုပါ မြောက်ဘက်မှကာပြီး ထိန်းသိမ်းထားနိုင်သောနေရာဖြစ်သည်။ ကား လမ်းနှင့် ကိုက်တစ်ထောင်ကျော်သာ ဝေးကွာပြီး အမြင့်ပေ ၅၅၀၀ ရှိ သော တောင်ကြောတစ်ခုဖြစ်သည်။

တောင်ကြောတစ်ခုလုံးသည် မုန်းပေါ်လွင်ပြင်အားလည်းကောင်း၊ မူဆယ်ဒေသရှိ ဆက်သွယ်ရေးလမ်းကြောင်းများကို သော်လည်းကောင်း စိုးမိုးနေသည့်အပြင် ဗကပများခံစစ်ယူထားသည့် လုံခမ်း၊ လွယ်ဝိန်းဒေသ တို့နှင့်လည်း တစ်တန်းတည်းဖြစ်နေ၏။  ဤဒေသတစ်ခုလုံးကိုသာ ဗကပ တို့ သိမ်းပိုက်နိုင်မည်ဆိုပါက နမ့်တောင်း၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုန်းပေါ် လွင်ပြင်ကို စိုးမိုးနိုင်ပြီး ဗကပတို့၏ မြောက်ပိုင်းဗျူရိုခေါ် မြောက်ပိုင်းဗဟိုခွဲ အခြေပြုထားသော မုန်းကိုးကိုပါ ကာကွယ်ပြီးသားဖြစ်ပေမည်။ ထို့အပြင် မူဆယ်ကိုလည်း ခြိမ်းခြောက်ထားနိုင်မည်ဖြစ်သည်။

စီစီဝမ် - တာပန် တိုက်ပွဲ
၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နံနက် ၅ နာရီခန့်တွင် မုန်းပေါ် ဒေသ၌ စုဖွဲ့ထားသောဗကပများသည် ကြိုတင်စီမံထားသည့်အတိုင်း စီစီဝမ်-တာပန် တောင်ကြောပေါ်ရှိ တပ်မတော်စခန်းများအား လက်နက် ကြီးပစ်ကူယူကာ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ကြသည့် အတွက် ထိုနေ့ညနေ ၅ နာရီခွဲခန့်တွင် တပ်မတော်က ထိုဒေသရှိ တပ်စခန်း ၆ ခုလုံးကိုယာယီအားဖြင့် လက်လွှတ်ခဲ့ရပါသည်။

ထို့နောက် တပ်မတော်က ဆုံးရှုံးခဲ့သော တပ်စခန်းများနှင့် ကုန်းများ ကို တစ်လအတွင်း  ပြန်လည်တိုက်ခိုက် ရယူနိုင်ခဲ့သည့်အပြင် ကြူကုတ် (ပန်ဆိုင်း)နှင့် မန်ဟီးရိုးအထိပါ ရန်သူများကို လိုက်လံတိုက်ခိုက်၍ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (၈၈ ရက်အကြာ) တွင် ဗကပတို့ ခြေကုတ် ယူထားခဲ့သည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့ပါသည်။

ကျွန်တော်သည် တပ်မတော်သားတစ်ဦးမဟုတ်သလို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူလည်းမဟုတ်၍ စီစီဝမ်-တာပန်တိုက်ပွဲအကြောင်း အသေး စိတ်ကို ရေးသားတင်ပြမည်မဟုတ်ပါ။ ကိုယ်တိုင်ပါဝင်တိုက်ခဲ့သူ တပ် မတော်သားများက ကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားတင်ပြခဲ့ကြပြီး ဖြစ်ပါသည်။ ကျွန်တော်ရေးသားဖော်ပြလိုသည်မှာ ထိုတိုက်ပွဲတွင် ဗကပ များကို တိုက်ထုတ်ရာ၌ အကြီးအကဲများ၏ နိုင်ငံရေးသုံးသပ်ချက်နှင့် စစ်ရေးမဟာဗျူဟာ။နည်းဗျူဟာများမှန်ကန်မှု၊ တပ်မတော်သားတို့၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်မှု စသည်တို့အပြင် သတ္တိရှိမှု နှင့် စွန့်လွှတ်စွန့်စားစိတ်ဓာတ်များ စသည်တို့ကြောင့်ဖြစ်သည်ဟုဆိုလျှင် မည်သို့မျှ ငြင်းဆိုစရာအကြောင်း မရှိသော်လည်း အပြည့်အ၀မှန်ကန်မှုတော့ ရှိမည်မဟုတ်ပေ။

ဆိုရလျှင် စီစီဝမ်-တာပန်တိုက်ပွဲကြီးတွင် ရန်သူဘက်က ၆၀၀ ကျော် အထိ အကျအဆုံးများခဲ့သော်လည်း မိမိဘက်က အရာရှိ ၁၇ ဦးနှင့် အခြားအဆင့် ၁၇၃ ဦးသာ ကျဆုံးခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့ခြင်းမှာ မူဆယ်မြို့သူ။သားများ၏ စိတ်ရောကိုယ်ပါ ထူးထူးခြားခြားကူညီဆောင် ရွက်မှုများသာမပါလျှင် မည်သို့မျှဖြစ်နိုင်စရာအကြောင်း မရှိပါချေ။ အကယ်၍ တိုက်ပွဲကို နိုင်အောင်တိုက်နိုင်ခဲ့သည်ဆိုဦးတော့ အထိအခိုက် အကျအဆုံး ပိုမိုများပြားနိုင်ပြီး အချိန်ကာလအားဖြင့်လည်း ယခုထက် ပိုမိုကြာမြင့်မည်ဖြစ်ပါသည်။

ကျွန်တော်သည် ၁၉၈၅ ခုနှစ်တွင် မူဆယ်မှ နမ့်ခမ်းမြို့သို့ပြောင်းရွှေ့ရပြီး ၁၉၈၆ ခုနှစ်တွင် နမ့်ခမ်းမှသည် ကလောမြို့နယ်သို့ ထပ်မံပြောင်း ရွှေ့ခဲ့ရသည်ဖြစ်၍ မူဆယ်ဒေသတွင်ဖြစ်ပွားခဲ့သော စီစီဝမ်-တာပန်တိုက်ပွဲ ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရခြင်း မရှိပါ။ သို့ရာတွင် မူဆယ် နမ့်ခမ်း မှ ဒေသခံမိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များထံမှ တိုက်ပွဲသတင်းများ ကိုမူ ကြားသိခဲ့ရပါသည်။ အထူးသဖြင့် မူဆယ်၊ နမ့်ခမ်းမှ ပြည်သူများက  တိုက်ပွဲဝင်နေကြသော တပ်မတော်သားများအတွက် လိုအပ်သမျှ အစား အသောက်၊ မုန့်ပဲသရေစာနှင့် သောက်ရေအပါအ၀င် လိုအပ်သမျှကို ၀န်ထမ်း၊ ကျောင်းသား၊ အလုပ်သမားနှင့်လုပ်ငန်းရှင် စီးပွားရေးသမား များ အပါအ၀င် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အားတက်သရော ကူညီပံ့ပိုးကြသည်မှာ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်ပင် ဖြစ်နေကြ သည်ဟုဆိုပါသည်။

အထူးအားဖြင့် တပ်မတော်သားတို့ကို စိတ်ဓာတ်တက်<ကမှုအဖြစ် စေဆုံးမှာ အစားအသောက်များတွင် ပါရှိလာသော အားပေးစကား ရေး သားထားသည့် စာတိုလေးများပင်ဖြစ်သည်ဟု တိုက်ပွဲအပြီးပြောကြား ကြသောစစ်သည်တို့၏ ပြောစကားများအရ သိရှိကြရပါသည်။ အထိ ရောက်ဆုံးသော ကူညီပံ့ပိုးမှုမှာ ကြက်ခြေနီကလေးများ၏ ဆောင်ရွက်မှု ပင်ဖြစ်ပါသည်။ သူတို့လေးတွေသည် လူနာများကို နည်းလမ်းအမျိုးမျိုး သုံး၍ သယ်ယူပို့ဆောင်ပေးကြသည်။ ထိုခိုက်ဒဏ်ရသူအချို့ကို အရေး ပေါ် ကုသမှုပေးခြင်း၊ ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ ရဟတ်ယာဉ်ပေါ်အထိ သယ်ယူပို့ဆောင်ပေးခြင်း စသည်တို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကလည်း အိပ်ချိန်ပင်မထား ဆေးဝါး ကုသပေးကြသည်ဟုဆိုပါသည်။ (အဆိုပါတိုက်ပွဲကြီးကာလအတွင်း ထိခိုက် ဒဏ်ရာရသူအရေအတွက်မှာ အရာရှိ ၂၆ ယောက်နှင့် အခြားအဆင့် ၆၇၄ ယောက်ရှိပါသည်)။ စီစီဝမ် တာပန် တိုက်ပွဲကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် မူဆယ်မြို့မှ သူနာပြုဆရာမကြီး ဒေါ်အမ်ယော်နမ်မှာ 'ဖလောရင့်နိုက်တင်းဂေး' ဆုရရှိခဲ့ပါသည်။

ယခုဖြစ်ပေါ်နေသည့် မူဆယ်ဒေသဖြစ်စဉ်တွင်လည်း ဤဆောင်းပါး အစတွင်ဖော်ပြခဲ့သလို ပြည်သူတွေက တပ်မတော်သားများကို လှိုက်လှဲ စွာ ကြိုဆိုနှုတ်ဆက်ခြင်း၊ စားဖွယ်သောက်ဖွယ်များကို လက်ဆောင်ပေး ခြင်း စသည်တို့ကို မြင်တွေ့ရသည့်အတွက် လွန်ခဲ့သည့် အနှစ်သုံးဆယ်က လိုပင် မကြာသောကာလအတွင်း မူဆယ်ဒေသ၌ တိုက်ပွဲများချုပ်ငြိမ်းကာ သေနတ်သံများရပ်စဲသွားလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကျွန်တော်၏ ယုံကြည်မှုကို ပိုမိုခိုင်မာလေးနက်စေသည်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့် မိန့်ခွန်းပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က 'ကာကွယ်ရေးအပိုင်းတွင်မူ တပ်မတော်တွင်အဓိက တာဝန်ရှိကြောင်း၊ သို့သော် တပ်မတော်တစ်ခု တည်း လုပ်ဆောင်၍မရဘဲ အုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့က ၀န်းရံလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူမပါ ဘဲ စစ်မနိုင်နိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေး တို့တွင် ပြည်သူပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း' ပြော ကြားသွားခဲ့ပါသည်။

ဤဆောင်းပါးကို ၂၃.၁၁.၂၀၁၆ ရက်နေ့ကထုတ်ပြန်သည့် အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ကြေညာချက် နောက်ဆုံးအပိုဒ်ဖြင့် နိဂုံးချုပ်ပါမည်။

"ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသော လက် နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး၊ NCA တွင် အမြန်ဆုံးလက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ NCA လက်မှတ်ရေးထိုးပြီးနောက် နှစ်ဦးနှစ်ဖက်ချိုးဖောက်မှုများ မရှိစေရေး အတွက် စောင့်ကြည့်ဖြေရှင်းသည့်ယန္တရားများ ပိုမိုခိုင်မာစေရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ၀ိုင်းဝန်းဆွေးနွေး နည်းလမ်းရှာဖွေ ရေး၊ ပြည်သူအများ မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ရေး၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစုပင်လုံ) ဒုတိယအစည်းအဝေး တွင် တန်းတူရည်တူပါဝင်နိုင်ရေး စသည်တို့ကိုရှေးရှုလျက် ငြိမ်းချမ်းရေး ခရီးကို အတူတကွလက်တွဲ၍ လျှောက်လှမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

သိန်းထက်အောင်



FOLLOW US