News

POST TAGGED AS

တိုက်ပွဲ

မူဆယ်တိုက်ပွဲအပြီး ဒဏ်ရာရသူတစ်ဦး ထပ်သေ၊ သေဆုံးသူ ၂၀ ဦးအထိ ရောက်ရှိ
လားရှိုး၊ မေ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မေလ ၁၂ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိခဲ့သူများအနက်မှတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့သည့်အတွက် လက်ရှိတွင် သေဆုံးသူ ၂၀ ဦးအထိရှိလာပြီဖြစ်ကြောင်း မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

“မေလ ၁၂ ရက်နေ့က ဒဏ်ရာရသူ ၂၇ ဦးပါ။ ၂၇ ဦးအနက် ခြောက်ဦးကို မန္တလေးကို ပို့ပေးရတာပါ။ ခြောက်ဦးထဲက တစ်ဦးက ဒီနေ့ ပြင်ဦးလွင်အရောက်မှာ ဆုံးသွားလို့ သေဆုံးသူ၂၀ ဦးဖြစ်တာပါ။ မန္တလေးဘက် ပို့ပေးသူ ခြောက်ဦးအနက် ငါးဦးက သာမန်ဒဏ်ရာတွေပါ။ သူတို့မိဘတွေရှိရာ ဒေသကိုပို့ပေးတာပါ”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောဆိုသည်။

မန္တလေးမြိုသို့ ပေးပို့ခဲ့သည့် ဒဏ်ရာရသူ ခြောက်ဦးအနက် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မန္တလေးဆေးရုံသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ကျန်သူများမှာ မစိုးရိမ်ရဒဏ်ရာများဖြစ်ပြီး မေလ ၁၂ ရက်နေ့ ညနေ၌ မူဆယ်မြို့နယ်၊ နမ့်ဖတ်ကာရွာမှ မေတ္တာရှင်လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က တာဝန်ယူ၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူနာမှာ ရရှိသော ဒဏ်ရာများဖြင့် ပြင်ဦးလွင်အဆင်း၌ မေလ ၁၃ ရက်နေ့ နံနက်၃ နာရီခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မေလ ၁၂ ရက်နေ့ နံနက်က မူဆယ်မြို့၊ မန်ဝိန်းဂိတ်အနီးတွင် ခရီးသည်ပို့ဆောင်ရေး ယာဉ်ငယ်ကိုမောင်းနှင်သူ ဦးအောင်စိုး ၅၁ နှစ်သည် ခရီးသည်စောင့်နေစဉ် ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်သည့်အဖွဲ့များထံမှ သိရသည်။

ယင်းတိုက်ပွဲအပြီး၌ မူဆယ်မြို့ပေါ်နှင့် ဝင်ထွက်ပေါက်ဂိတ်များတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူဆယ်မြို့တွင် ယင်းနေ့ နံနက်က ပန်ခန်းတံတား ရဲကင်းတိုက်ခိုက်ခံရမှုအပြီးတွင် နယ်မြေခံတပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက မူဆယ်မြို့ပေါ်နှင့် ဝင်ထွက်ပေါက်များတွင်လည်းကောင်း၊ ပြည်ထောင်စုလမ်းပိုင်းတွင်လည်းကောင်း လုံခြုံရေး စောင့်ကြပ်ပေးနေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းများနှင့် မြို့တွင်းရှိ နေအိမ်များသို့ မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွငှု်ဗ။ြွှူဗ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီး လူ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့က မူဆယ်မြို့တွင်းနှင့် ၁၀၅ မိုင်ကုန်သွယ်မှုဇုန်ဘက်တွင်လူ အသွားအလာနှင့် ယာဉ်အသွားအလာမရှိခဲ့ဘဲ နောက်တစ်နေ့(မေလ ၁၃ ရက်နေ့) နံနက်၌ မူဆယ်မြို့အတွင်း အခြေအနေ ပြန်လည်တည်ငြိမ်လာကာ ဒေသခံများနှင့် ယာဉ်များမှာ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လုံခြုံရေး ယူပေးထားကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မူဆယ်မြို့သို့ သွားလာမည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်မောင်းများကမူ တိုက်ပွဲသတင်း စုံစမ်းခြင်း၊ စောင့်ဆိုင်းခြင်းဖြင့် သွားလာနေကြကြောင်း ၎င်းတို့ထံမှသိရသည်။

“မူဆယ်မှာတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ နေရာတိုင်းမှာ တပ်နဲ့ ရဲနဲ့ ပြည်သူ့စစ်တွေ လုံခြုံရေးလုပ်နေတာ တွေ့ရတယ်။ ဒီနေ့ (မေ ၁၃) တိုက်ပွဲဖြစ်သံမကြားရပါဘူး။ ပြည်ထောင်စုလမ်းတစ်လျှောက်မှာလည်း တပ်က လုံခြုံရေးတွေ့ရတယ်။ ကားဆရာ အချင်းချင်း သတင်းလှမ်းမေးတယ်။ သတင်းမေးပြီးမှ သွားလာတာပါ”ဟု မူဆယ်- လားရှိုးယာဉ်မောင်း ဦးဇော်ဝင်းမိုးက ပြောဆိုသည်။

ထို့ပြင်မူဆယ်မှ ရန်ကုန်နှင့် မန္တလေးမြို့ အပါအဝင် အနယ်နယ် အရပ်ရပ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များမှာလည်း ပုံမှန်အတိုင်း ပြေးဆွဲနေပြီဖြစ်ကြောင်း၊ မူဆယ်မြို့၌လည်း ပုံမှန်အတိုင်း သွားလာနေကြကြောင်း မူဆယ်မြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဦးမျိုးခိုင်က ပြောကြားသည်။

မူဆယ်မြို့ရှိ နှစ်နိုင်ငံကုန်သွယ်မှု ဝင်ထွက်ပေါက်မန်ဝိန်းဂိတ်ကို မေလ ၁၂ ရက်နေ့ တိုက်ပွဲစဖြစ်ချိန်တွင် အဝင် အထွက် ပိတ်ထားခဲ့ပြီး တရုတ်ဘက်ကလည်း လုံခြုံရေး အသင့်ယူထားခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲအပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ကာ လုံခြုံရေး ပြန်သိမ်းသွားကြောင်း ကုန်တင်ယာဉ်မောင်း ဦးဖြိုးမြင့်က ပြောဆိုသည်။

ထို့ပြင်ကြယ်ခေါင်၊ ရွှေလီသို့ နှစ်နိုင်ငံ ဝင်ထွက်ပေါက်ဖြစ်သည့် ရွှေနန်းတော် ဂိတ်ပေါက်တွင် နံနက် ၆ နာရီခန့်က ရွှေလီ မြို့တွင်း နေ့ချင်းပြန် သွားရောက်အလုပ် လုပ်သည့် မြန်မာအလုပ်သမား ၅၀ ခန့် ဖြတ်သန်းသွားလာမှု ရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မှုမှာလည်း ပုံမှန်အတိုင်း သွားလာနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မူဆယ်မြို့တွင် မြို့မဈေးကြီးမှာလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ဈေးရောင်းချနေပြီး တရုတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရေး လုပ်ကိုင်သူများမှာလည်း ပုံမှန်အတိုင်း လုပ်ကိုင်နေကာ ငွေဈေးကွက်မှာ တည်ငြိမ်စွာ ရောင်းဝယ်နေဆဲဖြစ်ကြောင်း ငွေလဲလှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ပေါက်ယုက ပြောဆိုသည်။

မေလ ၁၂ ရက်နေ့က မူဆယ်မြို့ရှိ ပန်ခန်းတံတား ရဲကင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်းကိုပါ ပစ်ခတ်ခြင်း၊ နောင်ရမ်းဆိပ်ကမ်းကို ပစ်ခတ်ခြင်းတို့ကြောင့် သေဆုံးသူများအနက် တရုတ်နိုင်ငံ ကျယ်ဖန်မြို့နယ်၊ ကာကျုံးရွာမှ အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ပါဝင်နေပြီး တရုတ်နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် နှစ်နိုင်ငံ စီစဉ်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

R-07



FOLLOW US