POST TAGGED AS

တိမ်းမှောက်

ဗားကရာဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော တိမ်းမှောက်

ရန်ကုန်၊ ဧပြီ ၂၆

ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဗောတံတားဆိပ် ကမ်းအနီးတွင် ဆိုက်ကပ်သော ကုန်တင် သင်္ဘောတစ်စင်း ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခန့်က ကုန်ပစ္စည်းများ မညီမမျှ ဖြစ်ပြီး ညာဘက်အခြမ်းသို့ တိမ်းစောင်း မှောက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိမ်းစောင်းလျက် မှောက်ခဲ့သည့် စက်လှေမှာ ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် MV ရွှေလက်ဝါး ရေယာဉ်ဖြစ်ပြီး ရန်ကုန်မှ စစ်တွေသို့ပြန်ရန် ကုန်ပစ္စည်းများ တင်ဆောင်နေစဉ် မညီမမျှဖြစ်ကာ ညာဘက်အခြမ်းသို့ တိမ်းစောင်းကာ တိမ်းမှောက်သွားသဖြင့် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတစ်စီး ထွက်ခွာကာ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းမီး သတ်တပ်ဖွဲ့ထံမှ သိရသည်။

“ကုန်ပစ္စည်းက မများပါဘူး၊ ကုန်တင်တာ Balance မညီတာပါ၊ ကုန်များရင် ရေထဲအထိ မြုပ်သွားနိုင်တယ်၊ အခုဟာက ဘေးဘက်ကို တိမ်းစောင်းသွားတာ၊ လူထိခိုက် သေဆုံးမှု မရှိပါဘူး၊ ပစ္စည်းတွေကတော့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ၊ အခြား အလုပ်သမားတွေ စုပေါင်း ဖယ်ထုတ်နေပါတယ်၊ တာဝန်ရှိတဲ့မြို့နယ် ထွေအုပ် စတဲ့တာဝန်ရှိသူတွေလည်း ရောက်ရှိစစ်ဆေးနေပါတယ်”ဟု ကြည့်မြင်တိုင် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ တိမ်းစောင်းသွားသည့် ရေယာဉ်မှာ  ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် တိမ်းမှောက်သွားခဲ့ပြီး ရေယာဉ်ပေါ် တင်ဆောင်ထားသော ကုန်ပစ္စည်းအချို့နှင့် စားအုန်းဆီပီပါများ နစ်မြုပ်ခဲ့သည်။

J-16



FOLLOW US