News

POST TAGGED AS

တိမ်းမှောက်

ပဲခူး၊ ကရင်နှင့် မွန်တွင် ရေပြန်ကျ


တောင်ငူ၊ ဇူလိုင် ၃၀

မြစ်ရေများ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် တွေ့ကြုံခဲ့ရသော ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေများပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း အဆိုပါဒေသရှိ ရေဘေးစခန်း များနှင့် ဒေသခံများထံမှ သိရသည်။

သို့သော် ရေဘေးရှောင်သူအရေအတွက်မှာမူ ဆက်လက်တိုးမြင့်နေဆဲဖြစ်ပြီး အချို့နေရာများ၌ ရေကျဆင်းခြင်းမရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

ပဲခူး

ပဲခူးတိုင်း ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ ရေပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း ရေဘေးကယ်ဆယ်ရေးစခန်းများထံမှ သိရသည်။

“လမ်းပေါ်မှာ ဇူလိုင်လ ၂၈ ရက်နေ့က လေးပေနီးပါးရှိနေပေမယ့် ကနေ့မနက်မှာ ခြေမျက်စိလောက်ပဲကျန်တယ်” ဟု ရွှေကျင်မြို့ခံ ကိုသားလတ်က ပြောကြားသည်။

လက်ရှိပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၂၈ ရက်နေ့က ရေဘေးကယ်ဆယ်ရေး စခန်း ၅၀ ကျော်တွင် ရေဘေးရှောင်သူ သုံးသောင်းကျော်ခန့်သာရှိခဲ့ရာမှ ဇူလိုင် ၃၀ ရက်နေ့သို့ ရောက်ရှိချိန်တွင် ရေဘေးရှောင်သူများမှာ ဆက်လက်တိုးမြင့်နေဆဲဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၁၅၀ ကျော်တွင် လူဦးရေ ၆၉,၀၀၀ ကျော်အထိ ရေဘေးရှောင်နေရကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းမှစတင်၍ စစ်တောင်းမြစ်၊ ပဲခူးမြစ်ရေနှင့် ရွှေကျင်ချောင်းရေများ ပြန်လည်ကျဆင်းခဲ့သည့်အတွက် ပဲခူး၊ ရွှေကျင်နှင့် မဒေါက်မြို့များအတွင်း ရေများ ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်းသာယာရပ်ကွက်မှာ ရေဘေး ကယ်ဆယ်ရေးစခန်း ၅ ခုလောက်ရှိတယ်။ အိမ်ထောင်စု ၁၂၀၀ လောက်ရှိတယ်။ ကနေ့မှ ရေဘေးကယ်ဆယ် ရေးအထောက်အပံ့တွေရတယ်။ ရေပြန်ကျတယ်ဆိုပေမယ့် အိမ်ဘယ်လို ပြန်လို့ရဦးမှာလဲ” ဟု ကျွန်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်က ပြောကြားသည်။ 

ထိုသို့ ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရေဘေးရှောင်များကို နေအိမ်များသို့ ပြန်ခိုင်း၍ မရသေးဘဲ ယခုထက် ထပ်မံကျဆင်းမှသာ ပြန်လွှတ်ဖွယ်ရှိကြောင်း သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသအာဏာပိုင်များက ဆိုသည်။

ကရင်

ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ လှိုင်းဘွဲ့မြစ်၊ ဇမိမြစ်ရေများ ဇူလိုင် ၃၀ ရက်နေ့တွင် ရေအနည်းငယ် ပြန်ကျလာသော်လည်း ရေဘေးရှောင်ဒုက္ခသည်များ တိုးမြင့်လာကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၈ ရက်နေ့က ရေဘေးရှောင်သူ ၁၃၀၀၀ ကျော်သာ ရှိခဲ့ရာမှ ယခုအခါ ရေဘေးရှောင်သူ ၂၃၀၀၀ ကျော်သို့ မြင့်တက်လာခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“တချို့ မြို့နယ်တွေမှာ ရေဘေးစခန်းတွေ ပြန်ပြီးလျှော့လို့ရပေမယ့် ဘားအံနဲ့ လှိုင်းဘွဲ့က ထပ်တိုးလာနေတယ်။ အဲဒီတော့ တစ်ပြည်နယ်လုံးအတိုင်းအတာအနေနဲ့ကျတော့ ရေဘေးဒုက္ခသည် လျော့ကျသွားတယ်လို့မရှိပါဘူး” ဟု ကရင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် တစ်ပြည်နယ်လုံး အတိုင်းအတာအနေနှင့် လှိုင်းဘွဲ့မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခု၊ ကော့ကရိတ်မြို့နယ်တွင် စခန်း ၄ ခု၊ မြဝတီမြို့နယ်တွင် စခန်း ၂ ခု၊ ဖာပွန်မြို့နယ်တွင် စခန်း ၁၁ ခု၊ ဘားအံမြို့နယ်တွင် စခန်း ၁၆ ခု ဖွင့်လှစ်ထားပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေဘေးသင့်သူများရှိသော်လည်း ရေဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ထားခြင်းမရှိဘဲ ကရင်ပြည်နယ်တစ်ခုလုံးအနေနှင့် ရေဘေးစခန်း ၅၈ ခုတွင် အိမ်ထောင်စု ၄၈၁၀ စုမှ လူဦးရေ ၂၃,၂၃၅ ဦး ခိုလှုံနေကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ခုဆိုရင် ဘားအံမှာ ရေဘေးစခန်းတွေက ၁၈ ခုရှိသွားပြီ။ စခန်းမဆံ့လို့ စခန်းပြောင်းပေးရတဲ့လူတွေ တခြားကျယ်တဲ့ ရေဘေးစခန်းကို ပို့ရတဲ့သူတွေလည်း ရှိတယ်။ ရွာတွေမှာ ရေဘေးစခန်းကို မတက်လာနိုင်လို့ ရေလွတ်တဲ့အိမ်မှာ တစ်အိမ်တည်းကို အိမ်ထောင်စု လေး၊ ငါးစု စုနေတဲ့လူတွေလည်းရှိတယ်။ အဲ့ဒါတွေ အားလုံးအတွက်ပါ ထည့်တွက်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတယ်” ဟု ဘားအံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းက ပြောဆိုသည်။

ကရင်ပြည်နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ကာ လှိုင်းဘွဲ့၊ မြဝတီ၊ ဘားအံ၊ ရွှေဂွန်း၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်-ကမမောင်းတို့တွင် ရေကြီးနစ်မြုပ်ခဲ့ပြီး သံလွင်မြစ်ရေမှာ နှစ် ၂၀ ကျော် ကာလအတွင်း အမြင့်ဆုံး ရေအမှတ်သို့ မြင့်တက်ခဲ့၍ ယင်းမြစ်ပေါ်ရှိ ကမမောင်းမြို့၊ ရွှေဂွန်းမြို့၊ ဘားအံမြို့တို့၌ ရေကြီးရေလျှံမှုကို အဆိုးရွားဆုံးအနေဖြင့် ခံစားခဲ့ရသည်။ 

မွန်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရေဝင်ရောက်မှုကြောင့် ဒေသခံများ ရေဘေး တိမ်းရှောင်နေလျက်ရှိရာ ဇူလိုင်လ ၃၀ ရက်တွင် ရေအနည်းငယ်ကျဆင်းနေသော်လည်း ရေဘေးရှောင်သူ တစ်သောင်းနှစ်ထောင်ကျော် ရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ရေကတော့ နည်းနည်းကျသွားပြီ။ ဒါပေမဲ့ ရေဘေးရှောင်လူဦးရေက ထပ်တိုးလာနေတယ်၊ ရေတွေ ကျသွားတယ်ဆိုပေမယ့် တချို့နေရာက လမ်းတွေပေါ်နေပြီး တချို့နေရာက ရေတွေ မြုပ်နေတုန်းပဲ၊ လှေတွေ ဝင်နေတုန်းပဲ၊ ကုန်းမြင့်ပိုင်းကျတဲ့ အိမ်တွေတော့လွတ်သွားပြီ၊ တချို့က အိမ်တွေကို ရေပြန်ဆေးတာတို့တော့ရှိတယ်၊ ဒါပေမဲ့ ရေဘေးရှောင်စခန်းမှာ သူတို့တွေ ၃ ရက်လောက်တော့ နေရဦးမယ်” ဟု ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောသည်။

ဘီးလင်းမြစ်၏ စိုးရိမ်ရေမှတ်မှာ ၁၀၂၂ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်တွင် ၁၀၄၃ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် အနည်းငယ်ကျော်လွန်နေကြောင်း၊ ဘီးလင်းမြို့ရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများရှိနေဆဲဖြစ်ပြီး ရေဘေးရှောင်စခန်း ၄၃ ခု ဖွင့်ထားရကြောင်း ၎င်းက ရှင်းပြသည်။ 

ရေဘေးရှောင်သူများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ လူတစ်ဦးလျှင် ၂၁၀၀ ကျပ်အတွက် ၃ ရက်စာ ဆန်ရိက္ခာငွေထောက်ပံ့ထားကြောင်း၊ ယင်းအပြင် ဆန်၊ စားစရာ၊ အသုံးအဆောင်ပစ္စည်များ၊ အလှူရှင်များမှ လာရောက်လှူဒါန်းသည့်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားကြောင်း၊ သွားလာရေးခက်ခဲသည့် ကျေးရွာများကို ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ အစားအသောက်များကို ယူဆောင်ပေးသွားကြောင်း ဘီးလင်းမြို့နယ် ရေဘေးကွပ်ကဲရေးရုံးထံမှ သိရသည်။

အလားတူ သထုံမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၂၀ ခန့် ရေဘေးသင့်နေပြီး ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားခြင်းမရှိကြောင်း၊ ကျေးရွာများတွင် အိမ်နစ်မြုပ်သည်အထိ မရှိသော်လည်း အိမ်တွင်း ရေဝင်သည့်အခြေအနေများရှိပြီး ရေဘေးသင့်သူ ၅၀၀၀ ခန့်ရှိကြောင်း သထုံမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ကိုအောင်ကျော်သူက ပြောသည်။

The Voice သတင်းအဖွဲ့



FOLLOW US