News

POST TAGGED AS

တိမ်းမှောက်

ခရီးသည် ၇၃ ဦးသေဆုံးခဲ့သည့် အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု ရေယာဉ်မောင်းကို ယနေ့အမိန့်ချ


မုံရွာ၊ ဇွန် ၂၉

ခရီးသည် ၇၃ ဦး သေဆုံးခဲ့ရသည့် ၂၀၁၆ ခုနှစ်က ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုကို ဇွန်လ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တရားရုံး အမိန့်ချမှတ်လိုက်သည်။

ယင်းဖြစ်ရပ်တွင် ကုန်ပစ္စည်းနှင့် ခရီးသည်များစွာတင်ဆောင်ကာ သေစေမှန်းသိလျက် ရေယာဉ်အားပေါ့လျော့စွာမောင်းသဖြင့် ရေယာဉ်မောင်းသူကို အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်ကြောင်း ယင်းမာပင် ခရိုင်တရားရုံးထံမှသိရသည်။

၂၀၁၆ အောက်တိုဘာ (၁၅) နေ့က ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာတွင် ဟုမ္မလင်း-မုံရွာသွား ခရီးသည်တင်ရေယာဉ် အောင်စိုးမိုးကျော် နစ်မြုပ်မှုတွင် ရေယာဉ်မောင်းဖြစ်သူ ဦးဇော်မျိုးဝင်းကို ယင်းမာပင်ခရိုင်တရားရုံး၌ ၃၀၄ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းမာပင်ရုံးက အမိန့်ချပြီးသော်လည်း ဦးဇော်မျိုးဝင်းသည် ယင်းရေယာဉ်၏ ကိုယ်စားလှယ်ပိုင်ရှင် ကိုမြင့်ကျော်၊ ကိုဌေးဇော်တို့နှင့်အတူ ကနီမြို့နယ်တရားရုံးတွင် ပြည်တွင်းရေကြောင်းသွားလာရေး ရေယာဉ်ဥပဒေ ပုဒ်မ ၄၃၊ ၄၃၊ ၄၃၊ ၄၆၊ ၄၉ ဖြင့်လည်းကောင်း၊ ကိုမြင့်ကျော်နှင့် ကိုဌေးဇော်မှာ ပြည်တွင်းရေကြောင်းသွားလာရေး ဥပဒေ ပုဒ်မ ၄၅၊၄၅ မြန်မာ့ကန်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေ ပုဒ်မ ၂၃-က ဖြင့် ၂၀၁၆ ခုနှစ်ဒီဇင်ဘာလက ရေကြောင်းဦးစီးဌာနက တရားစွဲထား၍ ကနီရုံးတွင် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကနီတရားရုံးတွင် အမှုရင်ဆိုင်သူများသည် အဆိုပါပုဒ်မများဖြင့် တရားစွဲဆိုခံရခြင်းအတွက် ကျေနပ်မှုမရှိသဖြင့် တိုင်းတရားရုံးသို့ စွဲချက်အယူခံတင်နေသည့်ကာလတွင် ကနီမြို့နယ်တရားရုံး၌ စစ်ဆေးနေမှုကို ရပ်နားနေကြောင်း ကနီမြို့နယ် တရားရုံပြန်ကြားရေး အရာရှိက ပြောကြားသည်။

ရေယာဉ်နစ်မြှုပ်မှုတွင် ရေယာဉ်လုပ်သား (၃) ဦး ကိုယ်စားလှယ်ပိုင်ရှင် မြင့်ကျော်နှင့် မော်တော်မောင်း ဆလင်ဦးဇော်မျိုးဝင်း ပေါင်း (၅) ဦး ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ရေယာဉ်လုပ်သား(၃) ဦးမှလွဲပြီး ဆလင်၊ မော်တော်ပိုင်နှင့် ကိုယ်စားလှယ် (၃) ဦးမှာ မြို့နယ်နှင့်ခရိုင်ရုံးတွင် တရားရင်ဆိုင်နေခြင်းဖြစ်သည်။




FOLLOW US