News

POST TAGGED AS

တိမ်းမှောက်

အင်းတော်ကြီးအိုင်အတွင်း ဘုရားဖူးစက်လှေမှောက်၍ ကိုးဦးသေဆုံး


မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်ရှိ ရွှေမဉ္ဇူရေလယ်ဘုရားသို့ ဘုရားဖူးလာသည့် စက်လှေတစ်စင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ညက တိမ်းမှောက်ခဲ့ရာ ယင်းစက်လှေပေါ် လိုက်ပါလာသူ ၁၈ ဦးအနက် ကျောင်းသားရှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းကိုးဦး သေဆုံးခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ စုံစမ်းသိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီကျော်က ဦးမောင်ဦးမောင်းနှင်သည့် စက်လှေပေါ်၌ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး၊ ရှစ်တန်းဖြေဆိုနေသည့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၅ ဦးနှင့် စက်လှေမောင်းသူ၏ သမီးဖြစ်သူတစ်ဦး စုစုပေါင်း ၁၈ ဦး လိုက်ပါလာသည့် စက်လှေသည် အင်းတော်ကြီးရေလယ်ဘုရားဖူး အပြန်တွင် လှိုင်းထန်မှုကြောင့် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းနေရာ၌ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ လုံးတုံနယ်မြေရဲစခန်းမှ ရဲအုပ်တင်ဆန်းက ပြောကြားသည်။ 

“ဒီနေ့အလောင်းကို အားလုံးတွေ့ပြီး ဆယ်ပြီးပြီ။ အဲဒီစက်လှေမှောက်တဲ့ အနီးတစ်ဝိုက်ကပဲ ရှာတွေ့တာ။ အဲဒီကလေးတွေက ရှစ်တန်းဖြေဆိုနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ”ဟု ၎င်းက ပြောဆိုသည်။

ပျောက်ဆုံးနေသည့် အလောင်းများကို ရှာဖွေရာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်၌ အလောင်းကိုးလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ပျောက်ဆုံးသူများကို ရှာဖွေရာတွင် နယ်​​မြေခံတပ်​ ခလရ ၂၅၇ တပ်၊ ပြည်​သူ့စစ်​တပ်​ဖွဲ့၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ပါဝင်ကူညီဆောင်ရွက်နေပြီး အလောင်းများကို လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆောင်ရွက်နေကြောင်း ရဲအုပ်တင်ဆန်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ရှစ်တန်းဖြေဆိုနေသည့် အသက် ၁၃ နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသူလေးဦးနှင့် ကျောင်းသားသုံးဦး၊ ယင်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းစိုး ၃၀ နှစ်နှင့် စက်လှေမောင်းသူ ဦးမောင်ဦးတို့ကို အသယ်ရှင်ကယ်တင်နိုင်ခဲ့ကြောင်း မိုးညှင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယင်းစက်လှေတိမ်းမှောက်မှုကြောင့် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ရှစ်တန်းဖြေဆိုနေသည့် အသက် ၁၃ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကျောင်းသားတစ်ဦး၊ ကျောင်းသူခုနစ်ဦးနှင့် စက်လှေမောင်းသူ၏ သမီးဖြစ်သူ မနွယ်နွယ်ဝင်း ၂၈ နှစ်တို့ သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စက်လှေမောင်း ဦးမောင်ဦး ၅၆ နှစ်ကို လုံးတုံနယ်မြေရဲစခန်းတွင် (ပ) ၄/ ၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၂၈၀၊ ၃၀၄- (က) ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်။

R-06



FOLLOW US