News

POST TAGGED AS

တိမ်းမှောက်

တိုရွန်တိုလေဆိပ်တွင် ခရီးသည်တင်လေယာဉ်နှစ်စင်း တိုက်မိရာမှ မီးလောင်ကျွမ်း၊ ထိခိုက်ဒဏ်ရာရမှုမရှိ


တိုရွန်တို၊ ဇန်နဝါရီ ၇

ကနေဒါနိုင်ငံ အွန်တေရီးယိုးပြည်နယ်၏ မြို့တော် တိုရွန်တိုရှိ တိုရွန်တိုပီယာဆန် နိုင်ငံတကာလေဆိပ်တွင် သောကြာနေ့ ညပိုင်းက ခရီးသည်တင် လေယာဉ်နှစ်စင်း တိုက်မိခဲ့ရာ မီးအနည်းငယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည်များကို အရေးပေါ်ကယ်ထုတ်ခဲ့ရကြောင်း လေဆိပ်အာဏာပိုင်များ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုနေ့ညက အဆိုပါလေဆိပ်တွင် Sunwing လေကြောင်းလိုင်းမှ လေယာဉ်ကို နောက်ပြန်ဆွဲထုတ်နေစဉ် မက္ကဆီကိုနိုင်ငံမှ ပျံသန်းဆင်းသက်လာသော WestJet လေကြောင်းမှ လေယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း လေဆိပ်အရာရှိများက ပြောကြားသည်။ မက္ကဆီကိုမှလာသော လေယာဉ်ပေါ်တွင် ခရီးသည်စုစုပေါင်း ၁၆၈ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက်ဦးပါဝင်သည်ဟု WestJet လေကြောင်းလိုင်းမှ တာဝန်ရှိသူတို့က ဆိုသည်။ 

Sunwing လေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင်မူ ခရီးသည်နှင့် လေယာဉ်အမှုထမ်း တစ်ဦးမှမရှိခဲ့ဟု ယင်းလေကြောင်း လိုင်းက Twitter စာမျက်နှာပေါ်တွင် ဖော်ပြသည်။ လေယာဉ်ကွင်း အမှုထမ်းများက လေယာဉ်ကိုဆွဲနေစဉ် ယင်းသို့ တိုက်မိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ 

Sunwing လေယာဉ်တွင် မီးအနည်းငယ် စတင်လောင်ကျွမ်းခဲ့ခြင်းကြောင့် မီးသတ်ကားများနှင့် အရေးပေါ်လူနာတင်ကားများ ရောက်ရှိလာခဲ့ကြကြောင်း တိုရွန်တိုလေဆိပ် အာဏာပိုင်အဖွဲ့က ပြောကြားသည်။ 

ဗီဒီယိုဖိုင်များထဲတွင် WestJet လေယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များ လေယာဉ်၏ အရေးပေါ်ထွက်ပေါ်မှ လျှောထိုးကာ ဆင်းခဲ့ကြပုံများကို တွေ့မြင်ရသည်။ ထိုသို့ ခရီးသည်များ ဆင်းသက်နေချိန်တွင် လေကြောင်းလိုင်းမှ လေယာဉ်အမြီးပိုင်းတွင် မီးလောင်ကျွမ်းလျက်ရှိခဲ့သည်။ 

အဆိုပါဖြစ်ရပ်ကြောင့် ခရီးသည် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း လေဆိပ်မီးသတ်နှင့် အရေးပေါ်ဌာနမှ အဖွဲ့ဝင်တစ်ဦးကို ဆေးရုံတင်လိုက်ရသည်ဟု CTV Network က ဖော်ပြသည်။ 

WestJet လေကြောင်းနှင့် လိုက်ပါစီးနင်းလာသူ အန်ဒရီနာလာဘိုက ခရီးသည်များသည် အရေးပေါ်ကယ်ထုတ်နေမှန်း မသိခင်အချိန်အထိ ဘာဖြစ်နေသည်မှန်း ကောင်းစွာမသိခဲ့ကြကြောင်း ပြောကြားသည်။ 

“မီးတွေရယ်၊ မီးခိုးတွေရယ်၊ ရပ်ကြည့်နေကြတဲ့လူတွေရယ်ဆိုတော့ ခရီးသည်တွေလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ကုန်တယ်”ဟု ၎င်းက CTV Network သို့ ပြောကြားသည်။ 

ပြီးခဲ့သည့် သောကြာနေ့ကလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်တွင် China Southern လေကြောင်းမှ လေယာဉ်နှင့် Kuwait လေကြောင်းမှလေယာဉ်တို့ မတော်တဆ တိုက်မိခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ်တွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိခဲ့ကြောင်း လေဆိပ် အာဏာပိုင်များက ပြောကြားသွားသည်။

F-01



FOLLOW US