News

POST TAGGED AS

တာမွေ

06-Jul-2017

လူသတ်မှု တာမွေ
တာမွေမြို့နယ် ထွေအုပ်ဒုဦးစီးမှူး ကြိုးဆွဲချသေဆုံးမှု လူသတ်မှု ပြောင်းဖွင့်
ရန်ကုန်၊ ဇူလိုင် ၅

တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကြိုးဆွဲချ သေဆုံးခဲ့သည့် ဒုဦးစီးမှူး၏ အမှုကို  သုံးလကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် လူသတ်မှုပုဒ်မ ပြောင်းလဲအမှုဖွင့်လှစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၅ ရက် နံနက် ၁၀ နာရီကျော်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းရှိ ဝန်ထမ်းအိမ်ရာ လိုင်းခန်းတွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ဒုဦးစီးမှူး ဦးနေမျိုးဆွေမှာ တံခါးများ ချက်ထိုး၍  အခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှုကို တာမွေမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၁၇ ဖြင့် အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရန် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီးနောက် ဆေးစာပြန်ကြားချက်အရ ဇူလိုင်လ ၃ ရက်နေ့တွင်  သေမှုသေခင်းမှ လူသတ်မှုသို့ ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း တာမွေမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆေးစာပြန်ကြားချက်အရ သေဆုံးသူက လူသတ်သမားနဲ့ လုံးထွေးသတ်ပုတ်ခဲ့ပြီး ကြိုးနဲ့ လည်ပင်းပတ်ချည်ပြီး အသတ်ခံရတာလို့ ယူဆလို့ရတယ်။ ဆေးစာက ဒီရက်ပိုင်းမှ ပြန်ကြားစာ ရတာကြောင့် လူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲပါပဲ။ ထူးခြားမှု တစ်စုံတစ်ရာတော့ မရှိသေးပါဘူး” ဟု ရဲအရာရှိက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးခဲ့ရာတွင် ဦးခေါင်း၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိခဲ့ပြီး လည်ပင်းတွင် ကြိုးဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးရသည့် အကြောင်းအရင်းမှာ လည်ပင်းဖိအားကြောင့်ဟု မှုခင်းဆရာဝန်ကြီးက ပြန်ကြားထားသည်။

လူသတ်ခံရသည့် ဒုဦးစီးမှူး ဦးနေမျိုးဆွေမှာ ယင်းရုံးသို့ လွန်ခဲ့သည့် ၂ နှစ်က ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ရုံးဝင်း၏ အနောက်ဘက်ရှိ ဝန်ထမ်းအိမ်ရာ လိုင်းခန်းအဆောင်တွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ ရုံးဝန်ထမ်းများနှင့်လည်း အဆင်ပြေသူတစ်ဦး ဖြစ်ပြီး မသေဆုံးမီ အခင်းဖြစ်နေ့ နံနက် ၈ နာရီခန့်က ရုံးဝန်ထမ်းများနှင့် ဖုန်းအဆက်အသွယ် ရှိခဲ့ကြောင်း စစ်ဆေးချက်များအရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ၏ အခန်းကို ဝင်ရောက်စစ်ဆေးခဲ့စဉ်က တံခါးများကို ချက်ထိုးထားပြီး အခန်းအတွင်း၌ ပုဆိုးအနီကွက် အသုံးပြု၍ ကြိုးဆွဲချ သေဆုံးနေသည့် ဒုဦးစီးမှူး ဦးနေမျိုးဆွေ၏ အလောင်းကို တွေ့ရှိခဲ့ပြီး ဆေးစစ်ချက်အရ ပြင်ပဒဏ်ရာများအဖြစ် မျက်ခုံးအထက်စုတ်ပြဲ ဒဏ်ရာ၊ ဘယ်ညာနားထင်အနီး ဖူးရောင်ဒဏ်ရာ၊ တံတောင်ဆစ်ကွေးနှင့် လက်ဖျံတွင် ဖူးရောင်ဒဏ်ရာ၊ ကျောပြင်အပေါ်ပိုင်းတွင် ဖူးရောင်ဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပွန်းပဲ့ဒဏ်ရာ၊ ဘယ်ခြေမျက်စိတွင် ပွန်းရှဒဏ်ရာများ တွေ့ရှိခဲ့ပြီး ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်း၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများရှိကြောင်း ဆေးစာပြန်ကြားထားသည်။

တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး သေဆုံးမှုနှင့် ပတ်သက်၍ ယင်းအမှုကို တာမွေမြို့မ ရဲစခန်းက သေမှုသေခင်းမှ (ပ) ၄၅၁/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုပြောင်းလဲ ဖွင့်လှစ်အရေးယူ စုံစမ်းဆောင် ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US