POST TAGGED AS

တာမွေ

23-May-2017

တာမွေ
တာမွေတွင် ဓားကိုင်ရမ်းကားသူကို သေနတ်ဖြင့် ပစ်ဖမ်း
ရန်ကုန်၊ မေ ၂၂

တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ သမိန်ဗရမ်းလမ်းတွင် မေလ ၂၁ ရက် ည ၁၁ နာရီက ငါးလွှာတိုက်ခန်း တစ်ခန်းအတွင်း ဓားကိုင်ရမ်းကားနေသည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ပန့်အက်ရှင်သေနတ်ဖြင့် ၂ ချက်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူ အသက် ၄၆ နှစ်အရွယ် ဦးမျိုးသန့်မှာ နေအိမ်တိုက်ခန်း အဝင်တံခါးအား သော့ခတ်ပြီးအတွင်းမှ ဆူပူသောင်းကျန်းနေကြောင်း ပတ်ဝန်းကျင်နေသူများက ရဲတပ်ဖွဲ့ထံ အကြောင်းကြားသဖြင့် သွားရောက် ထိန်းသိမ်းစဉ် ၎င်းက ရဲတပ်ဖွဲ့ဝင်များအား ရေနွေးပူ၊ အရက်ပြန်တို့ဖြင့် ပက်ခြင်း၊ သံပိုက်လုံးများဖြင့် ပစ်ပေါက်ရန်ပြုခဲ့ကြောင်း အမှုဖွင့်တိုင် ကြားချက်အရ သိရသည်။

“မူးပြီး ရမ်းကားနေတဲ့ သူ့ကို အသာတကြည် အဖမ်းခံဖို့ ပြောပေမယ့် လက်မခံဘဲ ရန်ပြုတိုက်ခိုက်တယ်၊ ဓားကို ပြေးဆွဲပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခုတ်မယ် ပြင်နေတာကြောင့် သေနတ်နဲ့ ၂ ချက် ပစ်ပြီး ဖမ်းဆီးခဲ့ရတယ်။ ဒါတောင် သူက ထပ်ရန်ပြုနေတာကြောင့် တပ်ဖွဲ့ဝင်တွေက ဒိုင်းအကာအကွယ်တွေနဲ့ သူ့အနားရအောင်ကပ်ပြီး လုံးထွေး ဖမ်းဆီးခဲ့ရတယ်”ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လုံးထွေးဖမ်းဆီးမှုကြောင့် ရဲတပ်ကြပ်ကျော်စိုး၏ နှာခေါင်းရိုး ပွန်းပဲ့ဒဏ်ရာ ရခဲ့ပြီး မူးယစ်ရမ်းကားသူ ဦးမျိုးသန့်တွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ ညာမျက်ခုံးနှင့် ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရခဲ့ပြီး ၎င်းကို တာမွေမြို့မ ရဲစခန်းက (ပ) ၃၃၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၃၂၊ (ပ) ၃၄၀/ ၁၇၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(က) တို့ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • VIA


FOLLOW US