News

POST TAGGED AS

တာမွေ

၁၆၇ လမ်းအတွင်း ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များကို ရှင်းလင်း

ရန်ကုန်၊ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ၁၆၇ လမ်းရှိ ပျံကျလမ်းဘေးဈေးသည်များကို အများပိုင်နေရာတွင် ဈေးရောင်းချခြင်း မပြုလုပ်ရန် မေလ ၃၁ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စတင်ဖယ်ရှားခဲ့သည်။

လက်ရှိ အဆိုပါ ဖယ်ရှားရှင်းလင်းခံရသည့် ဈေးသည်များမှာ တာမွေခုံးကျော် တံတားအောက်နှင့် ယင်းပတ်ဝန်းကျင် လမ်းများရှိ လမ်းထိပ်နေရာများတွင် ရောင်းချလျက်ရှိကြောင်း ၁၆၇လမ်းရှိ လမ်းဘေးဈေးသည်များထံမှ သိရသည်။

“ဈေးသည်တွေကတော့ မနက်ဖြန်တော့ ဆက်ရောင်းကြမှာပဲ။ ဒုက္ခကတော့ တစ်ရက်ကနေ နှစ်ရက်ဆိုရင် မခံနိုင်တော့ဘူး။ ဒီထက် ဆိုးလာရင်တော့ ဆန္ဒပြခွင့်တောင်းဆိုပြီး တရားဝင် ဆန္ဒပြကြမယ်။ ရာပြည့်ဈေးက ဆိုင်ခန်းတွေက အထဲမှာ ကွက်လပ်တွေဖြစ်နေတော့ အခုလိုရှင်းလိုက်ရင် အထဲကို လူဝင်မယ်ဆိုတဲ့သဘော လုပ်တာလည်းဖြစ်မယ်”ဟု ၁၆၇ လမ်းတွင် ကြက်သားရောင်းချနေသည့် ဒေါ်ကြည်ပြာက ဆိုသည်။

ပျံကျလမ်းဘေးဈေးသည်များ ဈေးရောင်းချခြင်းမပြုရန် ဤလမ်းအတွင်း လမ်းဘေး၌ ဈေးမရောင်းရ၊ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ရောင်းချသည့်ပစ္စည်းများကို အမှိုက်အဖြစ် သတ်မှတ်၍ သိမ်းဆည်းရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၁၆၇ လမ်းထိပ်တွင် ဗီနိုင်းထောင်ကာ ထုတ်ပြန်ကြေညာထားသည်။

“၁၆၇ လမ်းမှာ ဈေးသည်တွေ ဖယ်ရှားတာနဲ့ ဦးဆောင်တာက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဆရာဦးလှသိန်းက ဦးဆောင်ပါတယ်။ မီဒီယာမေးမြန်းမှုနဲ့ပတ်သက်ပြီး သူပဲဖြေကြားမယ်ဆိုပြီး အစ်ကိုတို့ကို ပြောကြားထားပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းထံ နေ့လယ်မှ ညနေအချိန်အထိ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းစက်ပိတ်ထားသည်။

အဆိုပါ ၁၆၇ လမ်းအတွင်းရှိ လမ်းဘေးဈေးသည်များ ဈေးရောင်းချမှုကြောင့် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များ သွားလာရန် အဆင်မပြေမှုများရှိနေပြီး အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် အနံ့အသက်ဆိုးထွက်ရှိနေကာ ပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် ရှင်းလင်းရခြင်းဖြစ်ပြီး ယင်းဈေးသည်များကို တာမွေအခွန်လွတ်ဈေးတွင် ပြောင်းရွှေ့ရောင်းချရန် အသိပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

တာမွေမြို့နယ် ၁၆၇ လမ်းတွင် မြို့နယ် အသီးသီးမှ လမ်းဘေးဈေးသည် ၂၀၀ ခန့် လာရောက်ရောင်းချလျက်ရှိပြီး ယင်းဈေးသည်များကို ပြောင်းရွှေ့ခိုင်းသောကြောင့် ဈေးသည်များ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း လမ်းဘေးဈေးသည်များထံမှ သိရသည်။

တာမွေရာပြည့်ဈေးရှိ ၄ ပေ၊ ၅ ပေ ဆိုင်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၄၀မှ ကျပ်သိန်း ၈၀ ဖြင့်လည်းကောင်း၊ ဆိုင်ခန်းငှားခများမှာလည်း တစ်လလျှင် ကျပ်သုံးသောင်းခွဲမှ ကျပ်ငါးသောင်းဖြင့်လည်းကောင်း ငှားရမ်းလျက်ရှိပြီး ယင်းဈေးနှုန်းများမှာ လမ်းဘေးပျံကျဈေးသည်များအတွက် မြင့်မားသောကြောင့် ယင်းဈေးအတွင်း ပြောင်းရွှေ့ရောင်းချရန် မဖြစ်နိုင်ကြောင်း လမ်းဘေးဈေးသည်ထံမှ သိရသည်။

၁၆၇ လမ်းတွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို ရှင်းလင်းရာတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်းကာ ဖယ်ရှား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

၁၆၇တွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်က ပြောင်းရွှေ့ပေးရန် အသိပေး အကြောင်းကြားခဲ့ပြီး ဖယ်ရှားခဲ့သော်လည်း ဈေးသည်များ ပြန်လည်ရောင်းချခဲ့ပြီး ယခုအကြိမ်တွင်မူ လမ်းအတွင်း ဈေးလုံးဝရောင်းချခြင်းမပြုရန် စတင်ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း လမ်းဘေးဈေးသည်များထံမှ သိရသည်။ 

J-10



FOLLOW US