News

POST TAGGED AS

တာမွေ

တာမွေခုံးတံတားအောက် ငြိမ်းချမ်းရေးဆန္ဒပြသူ ၁၇ ဦးကို ယနေ့ ရုံးထုတ်မည်
ရန်ကုန်၊ မေ ၂၄

တာမွေခုံးကျော်တံတား အောက်တွင် မေလ ၁၂ ရက်က စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူ ၁၇ ဦးကို ငြိမ်း၊ စု၊ စီ ပုဒ်မ ၂၀ဖြင့် ဗဟန်းရဲစခန်းက အမှုဖွင့်ခဲ့ပြီး ယနေ့(မေလ ၂၅ ရက်) ဗဟန်း တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း အမှုဖွင့်ခံရသူများထံမှ စုံစမ်းသိရသည်။

တကသကျောင်းသားဟောင်း ကိုဇေယျာလွင်၊ Generation Wave မှ ကိုမိုဃ်းသွေး၊ မအိအိမိုးအပါအဝင် ယင်းနေ့က ဆန္ဒပြခေါင်းဆောင် ၁၇ ဦးကို ခွင့်ပြုချက်မရှိ ဆန္ဒပြခဲ့သဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီကို ဖုန်းနဲ့ရော SMS နဲ့ရော မနက်ဖြန် တရားရုံးထုတလာဖို့ အကြောင်းကြားတယ်”ဟု တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်က ဆိုသည်။

မေလ ၁၂ ရက်ဖြစ်စဉ်တွင် ဆန္ဒပြခေါင်းဆောင် ၈ ဦးကို တစ်ညတာ ဖမ်းဆီးကာ နောက်ရက်တွင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပြီး မေလ ၁၅ ရက်တွင် ကျန် ၉ ဦးကို ဗဟန်းရဲစခန်းက ဆင့်ခေါ်ကာ အာမခံပေးပြီးဖြစ်သည်။

ယင်းနေ့ဆန္ဒပြပွဲ၏ မူလအစီစဉ်မှာ ညနေ ၅ နာရီတွင် လူစုကာ တာမွေ အဝိုင်းထိပ်မှ မဟာဗန္ဓုလပန်းခြံအထိ ချီတက်ရန် ဖြစ်သော်လည်း ရဲတပ်ဖွဲ့၏တားဆီးမှုကြောင့် အဆိုပါနေရာတွင် တစ်နာရီခန့်ထိုင်၍ ဆန္ဒပြပြီးအပြန် လူစုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခဲ့ပြီး အရပ်ဝတ် လူအချို့ကလည်း ဆန္ဒပြသူများအား ဝင်ရောက်ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆန္ဒပြရန် မေလ ၉ ရက်နေ့၌ တာမွေမြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြား စာပေးပို့သော်လည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ခွင့်မပြုကြောင်း မေလ ၁၀ ရက်နေ့တွင် အကြောင်းပြန်ခဲ့ပြီး ထိုသို့ဆန္ဒပြရာတွင် ဖြတ်သန်းသွားလာမည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွှန့် ရဲတပ်ဖွဲ့များကလည်း ခွင့်မပြုခဲ့ပေ။

ယခုစွဲဆိုထားသည့် ငြိမ်း၊ စု၊ စီ ဥပဒေကို ယခုအစိုးရလက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြင်ဆင်ရန် ကြိုးပမ်းနေပြီး ပထမအကြိမ် ပြင်ဆင်ထားသည့် လက်ရှိ ကျင့်သုံးနေသော ဥပဒေတွင် ဆန္ဒပြလိုသူသည် သက်ဆိုင်ရာ မြို့နယ်အလိုက် အကြောင်းကြားရမည်ဖြစ်ပြီး ခွင့်ပြုမိန့် တောင်းခံရန် မလိုအပ်ပေ။

စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြတောင်း ဆိုမှုများနှင့်ပတ်သက်၍ မေလအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ် အစရှိသော ဒေသလေးခုမှ တရားစွဲဆိုခံရသူ ၄၅ ဦးရှိပြီး၊ အမှု 
အရေအတွက် ၁၄ ခုထိရှိလာပြီဖြစ်ကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) မှမေလ ၁၆ ရက်က ထုတ်ပြန် ထားသည်။

ဝေလင်း



FOLLOW US