News

POST TAGGED AS

တာမွေ

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ရထားလူကူးခုံးကျော်တံတား ၃၅ စင်း တည်ဆောက်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက်ရှိ အင်းစိန်ဘူတာအပါအဝင် ရထားလူကူးခုံးကျော်တံတား ၃၅ စင်းကို လာမည့် ဘဏ္ဍာနှစ်၌ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“အစိုးရရဲ့ဘတ်ဂျက်ထဲက ဆောက်မှာပါ။ တချို့ဘူတာလမ်းပိုင်းတွေကို Survey လုပ်နေပြီ”ဟု မြန်မာ့မီးရထား၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရထားလူကူး ခုံးကျော်တံတားများကို တည်ဆောက်ရာတွင် မူလခုံးကျော်တံတား ၁၁ စင်းကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကျန်ခုံးကျော်တံတားဟောင်းများကို ဆက်လက်အသုံးပြုရန် မသင့်လျော်ပါက အသစ်ပြန်လည်တည်ဆောက်ရန် လျာထားကြောင်း ၎င်းက ပြောကြားသည်။

“အခုက သေချာပြောလို့ မရသေးဘူး။ ဘူတာမှာရှိတဲ့ ခုံးကျော်တံတားတွေကို လေ့လာနေတုန်းဆိုတော့ အသစ်ပြန်ဆောက်မှာဆိုရင် အဟောင်းတွေကိုတော့ ဖျက်ရမှာပေါ့။ အဆင့်ပြန်မြှင့်လို့ရတဲ့ တံတားတွေလည်း ရှိနေတယ်လေ။ သေသေချာချာ စိစစ်ပြီးမှ ဆောင်ရွက်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ လူကူးခုံးကျော်တံတား ၃၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ချိန် တစ်နှစ်ခွဲခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (စီးပွားရေးဌာန) မှ တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန် - အင်းစိန်လမ်းပိုင်းတွင် ရှစ်စင်း၊ အင်းစိန် - တညင်းကုန်းလမ်းပိုင်းတွင် လေးစင်း၊ တညင်းကုန်း - မင်္ဂလာဒုံ လမ်းပိုင်းတွင် သုံးစင်း၊ မင်္ဂလာဒုံ - ရန်ကုန်လမ်းပိုင်းမှာ ၂၀ စင်း တည်ဆောက်မည်ဖြစ်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် JICA ချေးငွေ နှင့် နိုင်ငံတော်ဘတ်ဂျက်ပေါင်း အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၂၉ သန်း သုံးစွဲမည်ဖြစ်ပြီး ရထားလူကူးခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းထဲမှ သုံးစွဲမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် မြို့ပတ်ရထားကိုးစီး၊ ဘူတာ ၃၈ ခု ရှိပြီး လက်ရှိတည်ဆောက်ထားသည့် ရထားလမ်းလူကူးခုံးကျော်တံတားမှာ ၃၅ စင်း၊ ကားလမ်းကူးခုံးကျော်တံတား ၂၄ စင်းရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း - ၇(သွားလာပို့ဆောင်ရေးဌာန) ထံမှ သိရသည်။

J-06



FOLLOW US